ရခိုင်တွင် ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေပြီ

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့နယ်အများစု၌ ဆက်သွယ်ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်လာသဖြင့် ပြည်သူများမှာ သတင်းသိပိုင်ခွင့်နှင့် အဆက်အသွယ်များ ဆုံးရှုံးနေရသည်။

By Admin 26 Dec 2023

ပေါက်တောမြို့နယ်က ဆီပြတ်လပ်နေသည့် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု။
ပေါက်တောမြို့နယ်က ဆီပြတ်လပ်နေသည့် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု။

နိုဝင်ဘာ ၁၃ ရက်မှစပြီး တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီက သွားလာခွင့်ပိတ်ဆို့ထားသဖြင့် စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်တောက်နေပြီး၊ တာဝါတိုင်များ၏အင်ဂျင်ခန်းတွင် စက်သုံးဆီဖြည့်တင်းနိုင်ခြင်း မရှိတော့သဖြင့် မြို့နယ်တိုင်းတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်နေသည်။ 

ပုဏ္ဏားကျွန်းမြို့ရှိ အရပ်ဖက်အဖွဲ့တစ်ခု တာဝန်ရှိသူတစ်ဦးက “ပုဏ္ဏားကျွန်းမှာက ဖုန်းလိုင်းက မြို့ပေါ်လောက်ပဲ ရတော့တယ်။ MPT ဖုန်းလိုင်းဆိုရင် နယ်ဖက်တွေမှာ လုံးဝမရတော့ဘူး။ Mytel နည်းနည်းလောက်ရတယ်။ အင်တာနက်သုံးလို့မရဘူး။ အခုလို တိုက်ပွဲဖြစ်နေချိန်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာက သတင်းအမှောင်ချထားသလို ဖြစ်လာတယ်” ဟု ပြောသည်။

ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လာဖြင့် ရခိုင်ပြည်သူများမှာ တိုက်ပွဲသတင်းအချက်အလက်များကို သိရှိရန် ခက်ခဲနေသည့်အပြင် ဒေသတွင်း ဖြစ်ပျက်နေသည့် အကြောင်းအရာများကိုလည်း တခြားလူများသိရှိနိုင်အောင် သတင်းပေးပို့ရန် အခက်အခဲများစွာ ရှိနေကြသည်။ 

မောင်တောမြို့နယ်တွင်လည်း ဖုန်းလိုင်းပြတ်တောက်မှုများ ရှိလာသဖြင့် တိုက်ပွဲဖြစ်ပွားရာဒေသက ပြည်သူများမှာ သတင်းအချက်အလက်နှင့် အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ဆို သည်။

“မောင်တောက တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာ မိုဘိုင်းဆက်သွယ်ရေးလိုင်းတွေ လုံးဝကို ပြတ်တောက်သွားပြီ။ အဲဒီလိုပြတ်နေတာကြောင့် တိုက်ပွဲဧရိယာက ပြည်သူတွေရဲ့အခက်အခဲနဲ့ အကူအညီလိုအပ်မှုတွေကို မသိရသလို အကူအညီအချိန်မီမရလို့ အရပ်သားပြည်သူ အသက်သေဆုံးမှုတွေလည်း ရှိလာတယ်” ဟု မောင်တောမြို့က လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် မောင်တော၊ ဘူးသီးတောင်၊ ရ‌သေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ မြေပုံ၊ ပေါက်တော စသည့်မြို့နယ်များတွင် ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှုများဖြစ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
 
ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေသဖြင့် ဒေသတွင်းဖြစ်ပျက်နေသော အကြောင်းအရာများ၊ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုတင်ပြနေသော သတင်းသမားများမှာလည်း အခက်အခဲဖြစ်နေကြသည်။ 

“သတင်းရင်းမြစ်တွေကို ဖုန်းဆက်ရတာ တော်တော်ခက်ခဲလာတယ်။ မြို့ပေါ်ကလွဲလို့ နယ်ဖက်ဒေသတွေကို ဆက်သွယ်ရတာ လုံးဝအဆင်မပြေတော့ မြေပြင်သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ပြနိုင်ဖို့ ခက်ခဲလာတယ်” ဟု DMG သတင်းဌာနမှ သတင်းထောက်တစ်ဦးက ပြောသည်။ 

ရခိုင်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ဗျူဟာကို ကျင့်သုံးလျက်ရှိသည်။ လက်ရှိတွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လာသဖြင့် သတင်းတု၊ သတင်းမှားဖြန့်ဝေမှုများ တိုးလာနေပြီး ပြည်သူများမှာလည်း သတင်းများကို ချင့်ချိန်သုံးသပ်ကြရန် လိုအပ်လာသည်။ 

“စစ်ကောင်စီက ပြည်သူတွေကို သတင်းအမှောင်ချချင်လို့ မိုဘိုင်းဆက်သွယ်ရေးကို ဖြတ်တောက်လာတာ” ဟု အမ်းမြို့က လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

အမ်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် မြို့အနီးနားရှိ ကျေးရွာများလောက်သာ ဖုန်းလိုင်းများရရှိကြပြီး မြို့နယ်၏ ဧရိယာ ၉၀ ရာခိုင်နှုန်းခန့်မှာ ပြတ်တောက်နေပြီဟု ဒေသခံများထံက သိရသည်။

ရခိုင်ပြည်ကို စစ်ကောင်စီက ပိတ်ဆို့ထားမှု တစ်လကျော်လာသည်နှင့်အမျှ အခြေခံလူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုနှင့်အတူ သတင်းသိပိုင်ခွင့်များလည်း ဆုံးရှုံးလာနေခြင်း ဖြစ်သည်။ 

ဗီဒီယိုများ