မောင်တောမြို့နယ်မှ ကျောင်းဆရာတစ်ဦး ရေနစ်မြုပ်ပြီး ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန်းဒူကျေးရွာမှ ကျောင်းဆရာတစ်ဦးမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့က အဖော်များနှင့်ငါးမျှားသွားရာမှ လှေနစ်မြုပ်ပြီး ပျောက်ဆုံးလျက်ရှိနေကြောင်း သိရသည်။

22 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန်းဒူကျေးရွာမှ ကျောင်းဆရာတစ်ဦးမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့က အဖော်များနှင့်ငါးမျှားသွားရာမှ လှေနစ်မြုပ်ပြီး ပျောက်ဆုံးလျက်ရှိနေကြောင်း သိရသည်။

ပျောက်ဆုံးနေသည့်ကျောင်းဆရာ ဦးမောင်ဆန်း(၃၀)နှစ်မှာ ကျောက်ပန်းဒူကျေးရွာမှဖြစ်ပြီး မောင်တောမြို့နယ်၊ အ.ထ.က(အလယ်သံကျော်)တွင် တာဝန်ကျနေသည့် ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သည်။

ကျောက်ပန်းဒူကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက “မနေ့က ညနေ ၇ နာရီလောက်မှာ သူတို့က လှေနဲ့ငါးသွားရှာကြတာ။ ဒီရေအတက်နဲ့လှိုင်းကြီးလာပြီး လှေနစ်မြုပ်သွားတယ်။ ကျောင်းဆရာက ရေမကူးတတ်တော့ ရေနစ်ကျန်ခဲ့တာလို့သိရတယ်"ဟု ပြောသည်။

ငါးဖမ်းလှေ၌ ကျောင်းဆရာ ဦးမောင်ဆန်းနှင့်အတူ အဖော် ၈ ဦးလိုက်ပါခဲ့ကြပြီး လှေတိမ်းမှောက်စဉ် ဦးမောင်ဆန်းမှာ ရေနစ်ကျန်ခဲ့ကြောင်း အတူပါသူများ၏ပြောကြားကိုမှီငြမ်းပြီး ကျောက်ပန်းဒူ ကျေးရွာအုပ်ချုပ်ရေးက ပြောဆိုသည်။

ကျောင်းဆရာ ဦးမောင်ဆန်း၏ ဇနီး မဖြူးဖြူးက “ကျွန်မယောင်္ကျားက ကျောင်းအားတဲ့နေ့တွေဆိုရင် ငါးရှာတဲ့ သူငယ်ချင်းတွေနဲ့လိုက်နေကျပါ။ မနေ့ကညနေမှာလည်း ငါရှာလိုက်သွားမယ်ပြောခဲ့ပြီး လိုက်သွားတာပါ။ လှေမှောက်တော့ သူကခန္ဓာလည်းဝတယ်။ ရေလဲမကူးတတ်တော့ ရေနစ်ကျန်ခဲ့တယ်လို့ သူနဲ့အတူပါသူတွေက ပြောကြတယ်"ဟု ဆိုသည်။

လက်ရှိအချိန်ထိ ပျောက်ဆုံးနေသည့် ကျောင်းဆရာ ဦးမောင်ဆန်းအား ရှာမတွေ့သေးဘဲ ကျေးရွာသားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲဝင်များက ရှာဖွေလျှက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ