ရခိုင်တွင် စစ်ရေးကြောင့် မြို့နယ်(၁၄)ခု၌ စာသင်ကျောင်း နှစ်ထောင်ကျော် ပိတ်ထား 

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခပြင်းထန်နေသည့် မြို့နယ်များ အပါအဝင် စစ်ရေးလှုပ်ရှားမှုများရှိနေသည့် မြို့နယ် (၁၄) ခုတွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၂,၈၃၀ နီးပါးရှိသည့်အနက် ကျောင်း ၂,၃၀၀ ကျော်မှာ ယာယီပိတ်ထားရကြောင်း DMG က စုံစမ်းသိရှိရသည်။ 

By Admin 03 Jan 2024

၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ပေါက်တောမြို့ အထကကျောင်းရှေ့မြင်ကွင်း။ (ဓာတ်ပုံ - MOI)
၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ပေါက်တောမြို့ အထကကျောင်းရှေ့မြင်ကွင်း။ (ဓာတ်ပုံ - MOI)

စစ်ရေးပြင်းထန်နေသော ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား မြို့နယ်များတွင် စာသင်ကျောင်းအားလုံးပိတ်ထားရပြီး ကျောက်ဖြူ၊ တောင်ကုတ်၊ မြေပုံ၊ အမ်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေမြို့နယ်တို့တွင်လည်း ကျောင်းအများစုကို ပိတ်ထားကြသည်။ 

“ဒေသတည်ငြိမ်မှုမရှိတော့ စာမေးပွဲကလည်း မသေချာသေးဘူး။ စာမေးပွဲတွေသာ မစစ်ဆေးနိုင်ရင်တော့ ကလေးတွေအတွက် နစ်နာမှုရှိတယ်။ တချို့ကလေးတွေလည်း ကျောင်းပြင်ပကို ရောက်သွားနိုင်တယ်” ဟု ပေါက်တောမြို့မှ ထွက်ပြေးတိမ်းရှောင်နေရသော ကျောင်းဆရာတစ်ဦးက ပြောသည်။

ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ ပေါက်တောမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၁၈၆ ကျောင်းခန့်ရှိပြီး လက်ရှိတွင် မြေငူကျွန်းရှိ ကျေးရွာတချို့၌သာ ကျောင်းဖွင့်လှစ်နိုင်ကြောင်း သိရသည်။ 

တိုက်ပွဲပြင်းထန်နေသော မြောက်ဦးမြို့၌လည်း မြို့ခံအားလုံးနီးပါးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသဖြင့် ကလေးငယ်များမှာ ပညာရေးသင်ကြားခွင့် ဆုံးရှုံးနေကြသည်။ မြောက်ဦးမြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၄၄ ကျောင်းရှိပြီး ကျောင်းအားလုံးနီးပါးမှာ စစ်ရေးပဋိပက္ခကြောင့် ပိတ်ထားရသည်။

“ဘယ်အချိန်ထိ ပြေးနေရမှာလည်း မသိသေးဘူး။ အရင်ကလည်း ကိုဗစ်၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကျောင်းတွေပိတ်ခဲ့ပြီးပြီဆိုတော့ ကလေးတွေရဲ့ပညာရေးကို မထိခိုက်စေချင်တော့ဘူး” ဟု မြောက်ဦးမြို့မှ ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

ရမ်းဗြဲမြို့တွင်လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ပေါ်လူထုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် စားသင်ကျောင်းများကိုလည်း ပိတ်ထားရသည်။  

ရခိုင်ပြည်ရှိ အခြေခံပညာစာသင်ကျောင်းအားလုံးကို ဖွင့်လှစ်ထားရမည်ဟု ပြည်နယ်ပညာရေးမှူးရုံးက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ညွှန်ကြားထားသော်လည်း မြို့နယ် ၆ ခုတွင် စစ်ရေးပြင်းထန်နေ၍ ဒေသခံများမှာ ထွက်ပြေးနေရပြီး ကျန်မြို့နယ် ၈ ခု၌လည်း နှစ်ဖက်တပ်များ စစ်ရေးလှုပ်ရှားမှုများရှိနေ၍ စာသင်ကျောင်းများ ပိတ်ထားရခြင်း ဖြစ်သည်။ 

“တိုက်ပွဲဖြစ်ကတည်းက မြို့ကလူတွေအကုန်လုံး ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာ။ ကျောင်းတွေလည်း အကုန်လုံးပိတ်ထားရတယ်။ ပညာရေးဌာနအနေနဲ့ စစ်ဘေးရှောင်နေရတဲ့ကလေးတွေ ပညာသင်ခွင့် မဆုံးရှုံးအောင် တစ်ခုခုစီစဉ်ပေးစေချင်တယ်” ဟု ရမ်းဗြဲမြို့မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။  

ရခိုင်တပြည်လုံးတွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃,၁၀၀ ကျော်ရှိပြီး ယခုနှစ် ပညာသင်ကြားသည့် ကျောင်းသား/သူပေါင်း ၅၃၄,၇၀၀ ကျော်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

နေရပ်စွန့်ခွာ ထွက်ပြေးနေကြသော ကျောင်းသားလူငယ်များ ပညာဆက်လက်သင်ကြားမှု ရရှိနိုင်ရေးအတွက် မည်သို့စီစဉ်ပေးသွားမည် ဆိုသည်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန် ဆက်သွယ်ရာတွင် “DMG သတင်းဌာနကို အင်တာဗျူးဖြေကြားခွင့်မရှိ” ဟု ဖြေကြားခဲ့သည်။ 

စစ်ရေးဋိပက္ခကြောင့် မြန်မာနိုင်ငံတွင် ကလေးငယ် ၄ သန်းကျော် ပညာသင်ကြားခွင့် ပျောက်ဆုံးနေပြီး တိုက်ပွဲအတွင်း ပစ်မှတ်ထားခံနေရကာ ကလေးသူငယ်ဆိုင်ရာဥပဒေပါ အခွင့်အရေးကို ဆုံးရှုံးနေရသည်ဟု UNICEF Myanmar က ထုတ်ပြန်ထားသည်။ 

ပညာရေးပြတ်တောက်ခြင်းသည် ကလေးများ၏ ပညာရေးနှင့်အိပ်မက်များကို အဟန့်အတားဖြစ်စေရုံသာမက နိုင်ငံ၏ အနာဂတ် စီးပွားရေးထုတ်လုပ်နိုင်စွမ်းကိုလည်း ပြင်းပြင်းထန်ထန်အန္တရာယ်ဖြစ်စေနိုင်ဟု UNICEF က ပြောထားသည်။ 

ဗီဒီယိုများ