လမ်းပိတ်ထားသဖြင့် ကျောက်ဖြူတွင် ပညာရေးဝန်ထမ်း ၆၀၀ ကျော် သောင်တင်နေ 

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်တွင် စတင်ဖြေဆိုရပြီး နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စာမေးပွဲပြီးစီးသော်လည်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးပေ။

By Admin 21 Nov 2023

၂၀၂၁ ခုနှစ်က တွေ့ရသော ကျောက်ဖြူပညာရေးကောလိပ် ရှေ့မြင်ကွင်း။
၂၀၂၁ ခုနှစ်က တွေ့ရသော ကျောက်ဖြူပညာရေးကောလိပ် ရှေ့မြင်ကွင်း။

DMG ၊ နိုဝင်ဘာ ၂၁

ရခိုင်ပြည်၊ ကျောက်ဖြူပညာရေးကောလိပ်တွင် ပညာရေးဘွဲ့(B.Ed)စာမေးပွဲ လာရောက်ဖြေဆိုသည့် ဆရာ၊ဆရာမ ၆၀၀ ကျော်မှာ စစ်ကောင်စီက လမ်းပိတ်ထားသဖြင့်  နေရပ်မပြန်နိုင်ဖြစ်နေကြောင်း သိရသည်။ 

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်တွင် စတင်ဖြေဆိုရပြီး နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စာမေးပွဲပြီးစီးသော်လည်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးပေ။

“ဆရာ/မ တစ်ဝက်နီးပါးလောက်က တည်ခိုခန်းတွေ၊ အဆောင်တွေမှာနေပြီးတော့ ထမင်း၊ဟင်းတွေကို အပြင်ကပဲ ဝယ်စားကြတာဆိုတော့ တော်တော်လေး အခက်အခဲရှိတယ်။ ကုန်ကျစရိတ်ကို ရက်နဲ့တွက်ချက်ပြီး လာကြတာဆိုတော့ ဆရာ/မ အားလုံးနီးပါး အခက်အခဲတွေ ရှိတယ်” ဟု မြေပုံမြို့နယ်မှ ဘီအီးဒီ လာဖြေသည့် ကျောင်းဆရာတစ်ဦးက ပြောသည်။ 

လတ်တလော သောင်တင်နေသူများမှာ ရခိုင်ပြည်ရှိ မြို့နယ်အနှံ့က ၄၀၀ ကျော်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ၁၀၀ ကျော်ပါဝင်ကြောင်း သိရသည်။

ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်မှ ဆရာ/မ အချို့မှာ မိမိအစီအစဉ်ဖြင့် နေရပ်ပြန်သွားခဲ့ကြပြီး တခြားမြို့နယ်များမှ ဆရာ/မများမှာ  အခက်အခဲ ရှိနေကြခြင်းဖြစ်သည်။ 

နေရပ်ပြန်နိုင်ရေးနှင့်ပတ်သက်ပြီး ပညာရေးဌာနမှ တာဝန်ယူစီစဉ်ပေးရန် တင်ပြတောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ တိတိကျကျ မသိရသေးကြောင်း ဆိုသည်။ 

ပလက်ဝမြို့နယ်က ကျောင်းဆရာတစ်ဦးက “စာမေးပွဲလာဖြေတဲ့ ဆရာ၊ ဆရာမတွေရော စာမေးပွဲစစ်တဲ့ ဆရာမကြီးတွေရော နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်ပြီးတော့ စာမေးပွဲမပြီးခင် နှစ်ရက်သုံးရက်လောက်ကတည်းက ပညာရေးဌာနကို တင်ပြထားတာရှိတယ်။ ဒါပေမဲ့ ဘယ်နေ့ပြန်ရမယ်ဆိုတာ တိတိကျကျ မသိရသေးဘူး” ဟု ပြော သည်။ 

ဆရာ၊ ဆရာမ များ နေရပ်ပြန်နိုင်ရေးနှင့်ပတ်သက်၍  ရခိုင်ပြည်နယ် အခြေခံပညာဦးစီးဌာန ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကို DMG က ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းနေကြောင်း ဖြေဆိုခဲ့ပြီး၊ မည်သည့်နေ့တွင် ပြန်ရမည်ကို တိတိကျကျ မဖြေကြားပေ။ 

မင်းပြားမြို့နယ်မှ ဆရာမတစ်ဦးက “ငွေပြတ်လာတာကတစ်ကြောင်း၊ တိုင်းရေးပြည်ရေးမကောင်းတော့ မိဘတွေ စိုးရိမ်တာက တစ်ကြောင်းပေါ့။ စစ်ပွဲကလည်း ဒီထက်ပိုပြင်းထန်လာမလား မသိနိုင်တော့ ကိုယ့်အိမ်ကို အမြန်ဆုံးပြန်ပြီး မိသားစုနဲ့နေခွင့်ရဖို့ တောင်းဆိုချင်တယ်” ဟု ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် တိုက်ပွဲစတင်ခဲ့ပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်အတွင်းရှိ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည်။

#D005 #DMG

ဗီဒီယိုများ