COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် တစ်နိုင်ငံလုံးရှိ ပညာရေးရုံးဝန်ထမ်းများအား အင်အား ၅၀ ရာခိုင်နှုန်းစီနှင့် နှစ်ပတ်တက် နှစ်ပတ်နားစနစ်ဖြင့် ရုံးတက်ရောက်နိုင်ရန် စီစဉ်ထား

မြန်မာတစ်နိုင်ငံလုံးရှိ ပညာရေးရုံးဝန်ထမ်းများကို COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရန် အင်အား ၅၀ ရာခိုင်နှုန်းစီနှင့် နှစ်ပတ်ရုံးတက်၊ နှစ်ပတ်နားစနစ်ဖြင့် ရုံးတက်ရောက်နိုင်ရန် ညွှန်ကြားထားကြောင်း ဇူလိုင်လ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၏ ထပ်ဆင့်ညွှန်ကြားစာအရ သိရသည်။

13 Jul 2021

DMG ၊ ဇူလိုင် ၁၃

မြန်မာတစ်နိုင်ငံလုံးရှိ ပညာရေးရုံးဝန်ထမ်းများကို COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရန် အင်အား ၅၀ ရာခိုင်နှုန်းစီနှင့် နှစ်ပတ်ရုံးတက်၊ နှစ်ပတ်နားစနစ်ဖြင့် ရုံးတက်ရောက်နိုင်ရန် ညွှန်ကြားထားကြောင်း ဇူလိုင်လ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၏ ထပ်ဆင့်ညွှန်ကြားစာအရ သိရသည်။

အဆိုပါ ပညာရေးရုံးဝန်ထမ်းများမှာ ဇူလိုင်လ ၁၄ နေ့မှစ၍ ရုံးတက်ရောက်ရန်ညွန်ကြားထားပြီး ဝန်ထမ်းများအနေဖြင့် မိသားစုအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အထူးဂရုပြုနေထိုင်သွားလာရန်နှင့် ဧည့်သည်များလာရောက်ခြင်းအား တတ်နိုင်သမျှခွင့်မပြုရန် ညွန်ကြားထားသည်ဟု စစ်တွေမြို့နယ်ပညာရေးမှူး ဦးအေးသန်းက DMG သို့ပြောသည်။

“ဒီနေ့အော်တာထွက်တယ်ဆိုတော့ ရုံးတက်ရမှာက မနက်ဖြန်ကနေ စတက်ရမယ်။ ရုံးဝန်ထမ်းတွေပဲ တက်ရမှာ။ ကျောင်းကတော့ မပါသေးဘူး။ အခုက ပိုးပြန့်ပွားမှုတွေများနေတဲ့အတွက် ဝန်ထမ်းအင်အားတွေ ငါးဆယ်ရာခိုင်နှုန်းလျှော့ချပြီးတော့ နှစ်ပတ်ခြားလိုက်တာပါ။ အဲဒါကတော့ တစ်နိုင်ငံလုံးကို ညွန်ကြားထားပါ” ဟု ၎င်းကဆိုသည်။

ယင်းထုတ်ပြန်ချက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသော ရုံးလုပ်ငန်းများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်း၊ လမ်းညွန်မှုများအား တိကျစွာလိုက်နာဆောင်ရွက်ရန်နှင့် ဌာနအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကြီးကြပ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် ညွန်ကြားထားကြောင်း သိရသည်။

ယင်းအပြင် ရုံး/ဌာနဆိုင်ရာ ရုံးခန်းများအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် မိမိဌာန၏လုပ်ငန်းလိုအပ်ချက် အပေါ်မှုတည်၍ အနည်းဆုံးလိုအပ်သည့် ဝန်ထမ်းအရေအတွက်ဖြင့် ဆောင်ရွက်ရန်၊ အခြားဝန်ထမ်းများအား မိမိနေအိမ်မှ အလုပ်လုပ်စေခြင်း(Work From Home)ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအား အလှည့်ကျ တာဝန်ထမ်းဆောင်ရန် ညွန်ကြားထားကြောင်း သိရသည်။

မျိုးရိုးဗီဇပြောင်း COVID-19 ရောဂါပိုးတွေ့ရှိသူများလာသည့်အတွက် ဇူလိုင်လ ၉ ရက်နေ့ကစ၍ ဇူလိုင်လ ၂၃ ရက်နေ့အထိ ဘကကျောင်းများအပါအဝင် အခြေခံပညာရေးကျောင်းများအားလုံးကို ယာယီပိတ်ထားရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ပန်ကြားချက်ထုတ်ပြန် ထားသည်။

ရခိုင်ပြည်တွင် ဇူလိုင်လ ၆ရက်နေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ကျောင်းဆရာမ ၈ ဦးနှင့် ကျောင်းသားကျောင်းသူ ၁၃ ဦး စုစုပေါင်း ၂၁ ဦးအထိရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဗီဒီယိုများ