ရန်ကုန်တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအား မဲပေးခွင့်မရဖြစ်နေ

ရန်ကုန်တိုင်းဒေသကြီးရှိ ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင်အချို့မှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအား မဲပေးခွင့်မရဖြစ်နေကြောင်း သိရသည်။

By ခိုင်မင်းညို 08 Nov 2020

ခိုင်မင်းညို | DMG
နိုဝင်ဘာ ၈ ၊ ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီးရှိ ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင်အချို့မှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအား မဲပေးခွင့်မရဖြစ်နေကြောင်း သိရသည်။

“ရခိုင်လူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ရခိုင်ဝန်ကြီးကို အရမ်းမဲပေးချင်တယ်။ မဲပေးချင်လို့လည်း ကိုဗစ်ကာလမှာ မဲပေးလို့ရအောင် ကြိုးစားပြီး ပုံစံ ၃ (က)နဲ့ လျှောက်ခဲ့တာ၊ မဲသုံးမဲပေးခွင့်ရခဲ့ပေမယ့် ဒီဝန်ကြီးနေရာကို ပေးခွင့်မရခဲ့ဘူး” ဟု လှိုင်သာယာမြို့နယ် ကျန်စစ်သားအိမ်ရာတွင် နေထိုင်သည့် ရခိုင်လူမျိုး မအိမွန်က ပြောသည်

ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင်အချို့မှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သုံးရပ်အတွက် မဲပေးခွင့်ရရှိကြသော်လည်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအား မဲပေးရန် မဲစာရင်းမှာ မပါရှိကြသဖြင့် မဲပေးခွင့်မရှိဟု ငြင်းဆိုခံကြရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင်တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ဒေါ်ထုမေက ဆိုသည်။

“ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာမှာ ပေးရဖို့အတွက် ပုံစံဘယ်လောက်နဲ့ လုပ်ရမယ်ဆိုတာ မပါဘူး။ UEC က တော်တော်ကိုကျော်လွန်ပြီး လုပ်နေတယ်။ ကျမတို့မေးတော့ UEC က ပြည်သူပူးပေါင်းပါဝင်မှု မရှိလို့တဲ့။ ပြည်သူပူးပေါင်းပါဝင်မှုရှိလို့ပဲ ပုံစံ-၃(က) နဲ့ လျှောက်လို့ လွှတ်တော်သုံးရပ်ကို မဲပေးခွင့်ရတာလေ။ ရခိုင်တွေကို တမင်တကာ ခွဲခြားဆက်ဆံတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကြိုတင်မဲပေးရမည့် ကာလအတွင်းကလည်း ရခိုင်လူမျိုးမဲဆန္ဒရှင်အချို့မှာ  အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့အတွက် မဲပေးခွင့်ရခဲ့ကြသော်လည်း ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် နေရာအတွက် မဲပေးခွင့်မရ ဖြစ်နေခဲ့ကြောင်း မဲဆန္ဒရှင်များက ဆိုကြသည်။

“တိုင်းရင်းသားတစ်ယောက်ဟာ လွှတ်တော်သုံးရပ်မှာ မဲပေးနိုင်ရင် တိုင်းရင်းသားထဲမှာ အလို အလျောက်ပါအောင် UEC က ပြုစုနိုင်ရမှာကို မပြုစုဘဲ မဲဆန္ဒရှင်လိုအပ်ချက်လို့ပဲ ငြင်းဆန်တယ်။ ဒီကိစ္စဟာ ကော်မရှင်ရဲ့ လိုအပ်ချက်ဖြစ်တယ်။ ဒီရောဂါဟာ ကြိုတင်မဲကတည်းက ဖြစ်နေတာ” ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ရခိုင်အမျိုးသားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ ဦးဦးမြင့်ကျော်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒရှင် ၁သိန်း၁သောင်းကျော် ရှိကြောင်းနှင့် အဆိုပါကိစ္စရပ်မှာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် မဲပေးနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားပြကာ မဲပေးနိုင်အောင် ဆောင်ရွက်နေကြောင်း ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် တွင်တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ဦးတင်ထူးအောင် ထံမှ သိရသည်။

“ကော်မရှင်က အတွင်းရေးမှူးကိုဖုန်းဆက်ပြီး ဆောင်ရွက်ပေးဖို့ ပြောထားတယ်။ ဒါပေမယ့် လူပုဂ္ဂိုလ်အနေထားရ အခက်ခဲအကျပ်တည်းတွေ ကြုံနေရတယ်လို့ သိရတယ်။ UEC အနေနဲ့ ဒီကိစ္စကို တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့လိုတယ်။ ကော်မရှင်ရဲ့ လိုအပ်ချက်အတွက် နိုင်ငံသားတွေရဲ့ အခွင့်အရေး နစ်နာဆုံးရှုံးမှုတွေဖြစ်တယ်” ဟု ၎င်းက ဆက်၍ ဆိုသည်။

ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင်များကမူ ကြိုတင်မဲပေးရသည့်အခါကပင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြ၍ မဲပေးခွင့်မရခဲ့ကြောင်း လှိုင်သာယာမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များက ဆိုကြသည်။

၂၀၂၀ပြည့်နှစ် နိုင်ဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပနေသည့် အထွေထွေရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ရခိုင်အမျိုးသားပါတီမှ ဦးဦးမြင့်နိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်ခင်မျိုးဦးတို့အပြင် တစ်သီးပုဂ္ဂလ အဖြစ် ဒေါ်ထုမေ၊ ဦးတင်ထူးအောင်၊ ဒေါက်တာစံလှကျော်တို့ ဝင်ရောက်ယှဉ်ပြိုင်နေလျှက်ရှိကြသည်။

ဆက်စပ်ဖတ်ရှုရန် :

ဗီဒီယိုများ