ရွေးကောက်ပွဲ မဖြစ်မနေကျင်းပမည်ဟု စစ်ခေါင်းဆောင်ပြော 

နိုင်ငံတဝန်းတွင် စစ်အာဏာရှင်အမြစ်ပြုတ်ရေး လက်နက်ကိုင်တော်လှန်မှုများကြောင့် တပ်စခန်းများ၊ မြို့များ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသော်လည်း ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပသွားမည်ဟု စစ်ကောင်စီက ပြောလာပြန်သည်။ 

By Admin 30 Mar 2024

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် စစ်ခေါင်းဆောင်။ ဓာတ်ပုံ - CINCDS
မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် စစ်ခေါင်းဆောင်။ ဓာတ်ပုံ - CINCDS

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က - ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်လျက်ရှိပြီး မဲစာရင်းများ မှန်ကန်ခိုင်မာစေရေး သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မတ်လ ၂၉ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့ဝင်များ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ 

“မိမိတို့အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာမှာ လက်နက်ကိုင် အကြမ်းဖက်တဲ့နည်းလမ်းနဲ့ ဆောင်ရွက်လို့မရဘူး” ဟု စစ်ခေါင်းဆောင်က ပြောသည်။ 

စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် အချို့ဒေသများ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိနေသေးကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

တိုင်းပြည်တည်ငြိမ်လျှင် ရွေးကောက်ပွဲကို တပြိုင်နက်တည်းမဟုတ်ဘဲ လုပ်နိုင်သည့်အပိုင်းလိုက်အနေဖြင့် ပြန်ကျင်းပသွားမည်ဟု မတ်လ ၁၈ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ TAR-TASS Media နှင့်တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။ 

လက်ရှိတွင် စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ စစ်ကိုင်း စသည့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် တပ်စခန်းများအပါအဝင် မြို့နယ်အများအပြားကို လက်လွှတ်ရှုံးနေရသည်။

လက်နက်ကိုင်တော်လှန်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသည့်ဒေသများ၌ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည့်သူ့စစ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များက ပြည်သူလူထုနှင့် အတူလက်တွဲပြီး ဆောင်ရွက်သွားရမည်ဖြစ်ပြီး စစ်ခေါင်းဆောင်က ပြောဆိုထားသည်။

“စစ်ကောင်စီက မဖြစ်မနေကျင်းပမယ်ဆိုရင်တော့ ရွေးကောက်ပွဲက ဖြစ်လာမှာပဲ။ ဒါပေမဲ့ သူတို့ထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာပဲ ရွေးကောက်ပွဲကျင်းပနိုင်မှာ။ ဆိုတော့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ထက် လက်နက်ကိုင်ပဋိပက္ခတွေကို လျှော့ချနိုင်အောင် ကြိုးပမ်းရမှာဖြစ်တယ်” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူစနစ် (Frirst Past the Post–FPTP)အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation–PR)ဖြင့် ပြန်ကျင်းပသွားမည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု ဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကို ပြန်ကျင်းပမည်ဟု စစ်ကောင်စီက အကြိမ်ကြိမ် ပြောဆိုနေသော်လည်း  ၃ နှစ်ကျော်ကြာသည့်တိုင် ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ မသေချာသေးပေ။

ဗီဒီယိုများ