ရွေးကောက်ပွဲပျက်အောင် EAO နှင့် PDF အဖွဲ့များ လုပ်ဆောင်နေကြောင်း စစ်ခေါင်းဆောင် အပြစ်တင်

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(EAO)အချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့သည် ရွေးကောက်ပွဲပျက်ပြားစေရန် လုပ်ဆောင်မှုများရှိနေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

By Admin 27 Mar 2024

ယနေ့ မတ်လ ၂၇ ရက်တွင် ကျရောက်သည့် ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား။ ဓာတ်ပုံ - cincds
ယနေ့ မတ်လ ၂၇ ရက်တွင် ကျရောက်သည့် ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား။ ဓာတ်ပုံ - cincds

ယနေ့ မတ်လ ၂၇ ရက်တွင် ကျရောက်သည့် ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့ ဆောင်ရွက်နေချိန်မှာ EAO တချို့နဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေက ရွေးကောက်ပွဲပျက်ပြားစေဖို့၊ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်လာစေဖို့ လုပ်ဆောင်မှုတွေ ရှိတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲပြုလုပ်နိုင်ရန် မဲစာရင်းမှန်ကန်ရေးကို လုပ်ဆောင်နေပြီး  ရွေးကောက်ပွဲကို အနိုင်ရအကုန်ယူစနစ် (First Past the Post–FPTP)အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation–PR)ဖြင့် ကျင်းပသွားမည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။ 

ယင်းအပြင် စစ်ကောင်စီအနေဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ “ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးနဲ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ရှေ့ကနေ မားမားမတ်မတ် ဦးတည်ဆောင်ရွက်သွားရမှာ ဖြစ်တယ်” ဟု စစ်ခေါင်းဆောင်က ဆက်ပြောသည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု ဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ 

တိုင်းပြည်တည်ငြိမ်လျှင် ရွေးကောက်ပွဲကို လုပ်နိုင်သည့်အပိုင်းလိုက်အနေဖြင့် ပြန်ကျင်းပသွားမည် ဖြစ်ကြောင်း မတ်လ ၁၈ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ TAR-TASS Media နှင့်တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ပြောသည်။ 

ရွေးကောက်ပွဲကို ပြန်ကျင်းပမည်ဟု စစ်ကောင်စီက အကြိမ်ကြိမ် ပြောဆိုနေသော်လည်း နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခကြောင့် အာဏာသိမ်းမှု ၃ နှစ်ကျော်ကြာသည့်တိုင် ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ မသေချာသေးပေ။ 

ဗီဒီယိုများ