ရခိုင်ပြည်နယ်ရှိ တပ်မဲရုံများတွင် ရွေးကောက်ပွဲစောင့်ကြည့်ရန် အခက်အခဲများရှိနေ

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ တပ်မဲရုံများတွင် လေ့လာစောင့်ကြည့်မှုများပြုလုပ်ရန် အခက်အခဲများရှိနေကြောင်း ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေး အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုသည်။

By မင်းထွန်း 05 Nov 2020

သံတွဲမြို့နယ်အတွင်း ကြိုတင်မဲပေးနေမှုများအားတွေ့ရစဉ်

ခင်သရဖီဦး | DMG
နိုဝင်ဘာ ၅ ၊ စစ်တွေ

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ တပ်မဲရုံများတွင် လေ့လာစောင့်ကြည့်မှုများပြုလုပ်ရန် အခက်အခဲများရှိနေကြောင်း ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေး အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ကပြုလုပ်သည့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာတွေ့ရှိချက်များ သုတေသနအစီရင် ခံစာရှင်းလင်းပွဲတွင် ၎င်းတို့က ယင်းသို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စစ်ပွဲနှင့်ကိုဗစ်ရောဂါပြန့်ပွားမှုကို တစ်ပြိုင်တည်းကြုံတွေ့နေရသည့်အချိန်တွင် သွားလာရေး အခက်အခဲနှင့် ကျန်းမာရေးဌာနမှ ကန့်သတ်ချက်များကြောင့် တပ်နယ်မြေများတွင် အနီးကပ်စောင့်ကြည့်ရန် အခက်အခဲရှိနေသည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့မှ အဖွဲ့ဝင် ဦးစိုးလင်းက ပြောသည်။

“စစ်တပ်နယ်မြေတွေပေါ်မှာ ကျနော်တို့လေ့လာစောင့်ကြည့်ဖို့ အခက်အခဲတွေရှိတယ်။ ကြိုတင်မဲတွေကိုလည်း စောင့်ကြည့်ဖို့အခက်အခဲတွေရှိနေတယ်။ ဘာဖြစ်လိုလဲဆိုတော့ ကျနော်တို့သွားလာခွင့်အနေအထားပေါ်မှာ ကန့်သတ်ထားတာရှိတယ်။ နောက်တစ်ခုက ကိုဗစ်နဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနကညွန်ကြားချက်အတိုင်း လုပ်ရမယ်ဆိုပြီးတော့ ညွန်ကြားထားတဲ့အတွက် ကန့်သတ်မှုတွေရှိနေတယ်ပေါ့။ စစ်တပ်နယ်မြေအတွင်းမှာ ကြိုတင်မဲနဲ့ သူတို့မဲပေးတဲ့အနေအထားကို အနီးကပ်စောင့်ကြည့်ဖို့အတွက် ကျနော်တို့အတွက် အခက်အခဲ ရှိတယ်” ဟု ဆိုသည်။

သို့သော်လည်း ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တပ်မဲရုံများတွင် ပွင့်လင်းမြင်သာမှုကိုအလေးထားပြီး ခွင့်ပြု ပေးနိုင်အောင်ဆောင်ရွက်ပေးပါက စောင့်ကြည့်ရန်အဆင်သင့်ဖြစ်ကြောင်း ဦးစိုးလင်းက ဆက်ပြောသည်။

“ဒါပေမဲ့ UEC အနေအထားက ပွင့်လင်းမြင်သာမှုအပေါ်မှာ ခွင့်ပြုပေးတဲ့အနေအထားဆိုရင် ကျနော်တို့ကတော့ လေ့လာစောင့်ကြည့်ဖို့တော့ အဆင်သင့်ရှိပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် တပ်မဲရုံများကို အပြင်ထုတ်ထားပြီး အခြားအရပ်ဖက် မဲရုံများကဲ့သို့ လုပ်ပေးထားကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

“ကျနော်တို့က တပ်မဲရုံတွေကို အပြင်ထုတ်ထားတာပဲ၊ တပ်ရင်းအပြင်ကိုထုတ်ထားတာပါ။ မဲရုံအားလုံးကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့သူတွေလည်း လေ့လာလို့ရတယ်။ မဲရုံကိုယ်စားလှယ်တွေ၊ ပါတီတွေ ကိုယ်စားလှယ်တွေလည်း ဝင်လို့ရပါတယ်။ အကုန်လုံး အရပ်ဖက်မှာရှိတဲ့ မဲရုံတွေအတိုင်းပဲလုပ်ပေးထားတယ်” ဟု ၎င်းကဆိုသည်။

ယခင်က ရခိုင်ပြည်နယ်အတွင်း တပ်မတော်တပ်ရင်း၊တပ်ဖွဲ့များအပါအဝင် ရဲတပ်ရင်းတို့မှ ဆန္ဒမဲပေးခွင့်ရှိသူ ၈၀၀၀ ကျော်နှင့် မဲရုံပေါင်း ၆၈ ရုံရှိခဲ့သော်လည်း လက်ရှိတွင် တပ်မဲရုံပေါင်း ၂၅ ရုံသာရှိပြီး မဲပေးခွင့်ရှိသူ ၄၅၀၀ ခန့်ရှိသည်ဟု ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ်တွင် ကြိုတင်မဲ ၃၀,၀၀၀ ခန့်ရှိခဲ့ကာ မဲအများစုမှာ တပ်မတော်နှင့် တပ်မိသားစုများမှဖြစ်သည်ဟု ရခိုင်ပြည်နယ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းအပြင် ယခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် နယ်မြေတချို့ထပ်တိုးထားသည့်မှာလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ အားကောင်းသည့် အမ်းနှင့် ကျောက်ဖြူကဲ့သို့ နေရာများဖြစ်သည့် အတွက်ကြောင့် သံသယဖြစ်စရာရှိသည်ဟုလည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင် ဦးခိုင်ကောင်းစံကပြောသည်။

“ထပ်တိုးလိုက်တာလည်း သံသယဖြစ်စရာရှိတယ်။ ဘာကြောင့်လဲဆိုတော့ အမ်းလိုနေရာမျိုးမှာ ကြံ့ခိုင်ရေးက ၂၀၁၀ မှာလည်းနိုင်တယ်။ ၂၀၁၅ နှစ်မှာလည်းနိုင်တယ်။ အဲဒီတော့ တပ်နယ်မြေတွေဖြစ်တဲ့အတွက် ကြံ့ခိုင်ရေး ကလည်း လွှတ်တော်ထဲမှာ သူနေရာရရှိရေးဆိုတာက သိသာတဲ့ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ရဲ့အစီအစဉ်ပေါ့၊ စနစ်တကျလုပ်ဆောင်ထားတဲ့အရာဖြစ်တယ်။ အဲဒီတော့ကျောက်ဖြူနဲ့အမ်းမှာ ထပ်တိုးရေးနယ်မြေတွေက တပ်အများစုပေါ့၊ အဲဒီတော့ခဏနားပြီးတော့ ကြိုတင်မဲတွေကို ထည့်လိုရတဲ့နေရာတွေဖြစ်တယ်ပေါ့။ ဒါပေမဲ့ ကြံ့ခိုင်ရေးရနိုင်ခြေရှိလားဆိုတာကလည်း စောင့်ကြည့်ရမယ့်အနေအထားပေါ့။ ယတိပြတ်ပြောလို့တော့ မရဘူး” ဟု ဦးခိုင်ကောင်းစံက ဝေဖန်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မြို့နယ် ၉ ခုနှင့် စစ်တွေမှ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းမြို့နယ်များတွင် နေရာတချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကြေညာခဲ့သည်။

၎င်းအပြင် ပြီးခဲ့သည့်အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၄ ခု၊ အမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၃၂ တွင် တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ယင်းနယ်မြေများတွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော်လည်း ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် လွတ်လပ်ပြီးတရားမျှသော ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ကြောင်း သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲနှင့် ဝန်ကြီးဌာနများ၏ ထပ်မံစိစစ် တင်ပြချက်အရ ကျောက်ဖြူမြို့နယ်မှ ကျေးရွာအုပ်စု ၃ ခုနှင့် အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၄ ခုတွင် ကျင်းပ နိုင်ကြောင်း အောက်တိုဘာလ ၂၇ ရက်က ပြန်လည်ကြေညာခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အနေဖြင့် ရွေးကောက်ပွဲကျင်းပခွင့်ရသော မြို့နယ် များမှ မဲရုံ ၃၀၀ ခန့်တွင် စောင့်ကြည့်နိုင်ရန် ပြင်ဆင်ထားကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

ဗီဒီယိုများ