စစ်တွေမြို့မှထွက်ခွာမည့် ကားနှင့် ရေယာဉ်များကို ယာယီရပ်နားထား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် covid-19 ပြည်တွင်းကူးစက်မှုများပြားလာနေသည့်အတွက် စစ်တွေ-ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများကို သြဂုတ်လ ၂၁ ရက်နေ့မှစ၍ ယာယီရပ်နား ထားကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများထံမှ သိရသည်။

22 Aug 2020



မျိုးသီရိကျော် ၊ မြတ်ဆွေ | DMG
သြဂုတ် ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် covid-19 ပြည်တွင်းကူးစက်မှုများပြားလာနေသည့်အတွက် စစ်တွေ-ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများကို သြဂုတ်လ ၂၁ ရက်နေ့မှစ၍ ယာယီရပ်နား ထားကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများထံမှ သိရသည်။

စစ်တွေမြို့နယ်တွင်နေထိုင်သူများသည် မိမိနေအိမ်တွင်နေထိုင်ရန်(Stay at Home)တွင် အကျုံးဝင်ကြောင်း သြဂုတ်လ ၂၀ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြေငြာခဲ့သည်။

ယင်းသို့ Stay at Home သတ်မှတ်ထားသောမြို့နယ်မှ ကုန်းလမ်းခရီးဖြင့်ထွက်ခွာလာသူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝင်ပေါက်ဂိတ်များတွင် Quarantine ထားရှိကာ ဓါတ်ခွဲနမူနာ (၂)ကြိမ် ရယူစစ်ဆေးမည်ဖြစ်ကြောင်း covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

ကားမောင်းသူများလည်း Quarantine ဝင်ရမည်ဖြစ်သဖြင့် ကားများကို ယာယီရပ်နားထားခြင်းဖြစ်ကြောင်း ရွှေပြည်သစ်အဆင့်မြင့်ပို့ဆောင်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကားသမားတွေလည်း Quarantine ဝင်ရမယ်ဆိုတော့ သူတို့အတွက်တစ်ခုခုဖြစ်သွားမှာ စိတ်ပူတယ်။ ဒါကြောင့် ခရီးသည်တင်ကားတွေကိုပါ ရပ်ထားလိုက်တာပါ။ ဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာတော့ မသိသေးပါဘူး။ ဒီရောဂါ အပေါ်မူတည်ပါတယ်’’ ဟု ၎င်းကဆိုသည်။

မာန်အောင်မြို့နယ်မှ ရန်ကုန်သို့သွားမည့်ခရီးသည်များမှာ တောင်ကုတ်-ရန်ကုန် ကားလိုင်းများ ပြေးဆွဲခြင်း မရှိတော့သဖြင့် ယနေ့(သြဂုတ်လ ၂၂ ရက်) နံနက်ပိုင်းက မာန်အောင်မြို့သို့ အမြန်ရေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာကြကြောင်းလည်း သိရသည်။

တောင်ကုတ်မှ မာန်အောင်မြို့နယ်သို့ ရွှေပြည်တန်၊ ရွှေလင်းယုန်အမြန်ရေယာဉ်ဖြင့် ပြန်လည်လိုက်ပါလာသူ စုစုပေါင်း ၁၅၀ ကျော် ပါဝင်ကြောင်း သိရသည်။

ယင်းသို့ ပြန်လာရာတွင်ပါဝင်သည့် မာန်အောင်ဒေသခံ ဦးဘီလူးက “တောင်ကုတ်ကနေပြီး ရန်ကုန်ကို ထွက်မဲ့ကားမရှိဘူး။ အဲဒါကြောင့် ကျနော်တို့ မာန်အောင်ကို ဒီနေ့ပြန်လိုက်လာတယ်။ တောင်ကုတ်မှာ နှစ်ရက် သောင်တင်နေခဲ့တယ်။ ရန်ကုန်သွားရမလားလို့ စောင့်နေခဲ့တာ” ဟု ပြောသည်။

စစ်တွေမြို့မှ ရေကြောင်းပြေးဆွဲနေသည့်ခရီးစဉ်များကိုလည်း အစိုးရ၏ညွှန်ကြားချက်ဖြင့် ယာယီရပ်နား ထားကြောင်း ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။

“အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ပြေးဆွဲနေတဲ့ ရေကြောင်းခရီးသည်တွေနဲ့ ယာဉ်ဝန်ထမ်းတွေ အကုန်လုံး Quarantine ဝင်ရမယ်ဆိုတဲ့အတွက် ရပ်နားထားလိုက်တာပါ” ဟု ၎င်းကဆိုသည်။

ရေယာဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဦးစံမော်သိန်းကဆက်ပြောသည်။

ထို့ပြင် စစ်တွေမြို့မှပြေးဆွဲနေသည့် လေကြောင်းလိုင်းများကိုလည်းရပ်နားထားပြီး (Air KBZ)လေကြောင်းလိုင်း တစ်ခုသာပြေးဆွဲပေးလျက်ရှိသည်။ ယင်းသို့ လေကြောင်းလိုင်းဖြင့် သွားရောက်သူများကိုလည်း Quarantine ထားရှိရန် covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့ နံနက် ၈ နာရီအချိန်ထိ ပိုးတွေ့လူနာ ၄၅ ဦးရှိကာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ၄၄ ဦးနှင့် မြောက်ဦးပြည်သူ့ဆေးရုံကြီးတွင် ၁ ဦးတို့ ဆေးကုသမှုခံယူလျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် ယခင်ပိုးတွေ့ရှိခဲ့သူ ၁၆ ဦးမှာ ရောဂါကောင်းမွန်သွားပြီဖြစ်ပြီး ပိုးတွေ့လူနာစုစုပေါင်းမှာ ၆၁ ဦးအထိ ရှိလာပြီဖြစ်သည်။

ဗီဒီယိုများ