ကယားနှင့်ချင်းတွင် စစ်ဘေးဒုက္ခသည်ဦးရေ မြင့်တက်နေပြီး စားဝတ်နေရေး အခက်အခဲကြုံနေရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီမော့ဆို မြို့နယ်တို့တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ စစ်ဘေးရှောင်ဦးရေမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိနေပြီး၊ စားဝတ်နေရေးအခက်အခဲဖြင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများထံမှသိရသည်။

25 May 2021

Photo -CJ

DMG ၊ မေ ၂၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီမော့ဆို မြို့နယ်တို့တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ စစ်ဘေးရှောင်ဦးရေမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိနေပြီး၊ စားဝတ်နေရေးအခက်အခဲဖြင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများထံမှသိရသည်။

လက်ရှိ ရရှိထားသည့် စာရင်းအရ ကယားပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသူ ငါးသောင်းကျော်အထိ ရှိလာနေပြီး၊ ထွက်ပြေးတိမ်းရှောင်နေရသူအများစုမှာ မိမိကျေးရွာနှင့် နီးစပ်ရာတောတောင်များတွင် နေနေကြရသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် တစ်နေရာနှင့်တစ်နေရာ သွားလာရေးအခက်အခဲရှိသလို ထွက်ပြေးတိမ်းရှောင်နေရသူ အများစုမှာ တောတောင်များတွင် အမိုးအကာမရှိ၊ ခြင်ထောင်မရှိ၊ စားစရာမရှိဘဲ ဖြစ်သလိုနေထိုင်နေကြရခြင်းဖြစ်ပြီး၊ စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေသည်ဟု လွိုင်ကော်မြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လွိုင်ကော်နဲ့ ဒီမောဆိုနဲ့ဆိုရင်လည်း အဲမှာ စစ်ပွဲတွေဖြစ်နေတော့ တစ်နေရာနဲ့တစ်နေရာ သွားလို့လာလို့မရဘူး။ စစ်ဘေးရှောင်တွေမှာ အစားအသောက်ရော မိုးကာတွေဘာတွေက တော်တော်လည်း အခက်အခဲတွေ ဖြစ်နေကြတယ်။ သူတို့မှာ ပြေးလာရတော့ ခြင်ထောင်တွေလည်းမရှိဘူး။ ဖြစ်သလိုပဲ နေနေကြတယ်။ ကျေးရွာနဲ့နီးတဲ့ တော့အုပ်ကြီးတွေကို လွတ်ရာပြေးကြတာဆိုတော့ တောတွေထဲမှာ ဟိုနားတစ်စု၊ ဒီနားတစ်စု ကိုယ့်အုပ်စုနဲ့ကိုယ် မိုးကာလေးတွေ ခြုံပြီးတော့ နေနေကြရတယ်” ဟု ပြောသည်။

လက်ရှိတွင် နေရာအတည်တကျ စစ်ဘေးရှောင်စခန်းမရှိသေးသလို ၎င်းတို့၏စားဝတ်နေရေးအတွက် ဒေသခံ အဖွဲ့အစည်းများမှ တတ်နိုင်သလောက်ဝိုင်းဝန်းပြီး ကူညီပေးနေရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီမော့ဆိုမြို့နယ်တို့မှ ထွက်ပြေးတိမ်းရှောင်လာရသူအများစုမှာ အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအများစု ပါဝင်သိဟု သိရသည်။

ယင်းအပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒုက္ခသည်များ နေထိုင်သည့်နေရာ ၁၉ နေရာရှိပြီး၊ ထွက်ပြေးတိမ်းရှောင်လာရသူ တစ်သောင်းကျော်အထိ ရှိလာနေသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူ အများစုမှာ အဝတ်တစ်ထည် ကိုယ်တစ်ထည်ဖြင့် ထွက်ပြေးလာရခြင်းဖြစ်သည်။

ယခုအခါ မိုးတွင်းကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရိက္ခာသယ်ယူသည့်နေရာတွင် လမ်းခရီးအခက်အခဲရှိပြီး၊ ယခုလက်ရှိတွင် အလှူရှင်များက လှူတန်းထားသည့် ရိက္ခာများမှာ တစ်ပတ်စာလောက်သာ ရှိတော့သည်ဟု မင်းတပ်မြို့ကက်သလစ် ခရစ်ယာန်သာသာနာပြုဘုန်းတော်ကြီး ဦးဟုန်းထန်းရှယ်က ပြောသည်။

“မိုးတွင်းလည်း ရောက်လာပြီဆိုတော့ ကျနော်တို့သယ်ယူပို့ဆောင်ရေးတွေက အခက်အခဲရှိတယ်။ ကျနော်တို့ဆီမှာလည်း အခုဆိုရင် တစ်ပတ်စာလောက်ပဲ ရှိတော့တယ်။ နောက်ထပ် တစ်ပတ်နှစ်ပတ်အတွင်းမှာ ဘယ်လိုစုဆောင်းရမလဲ ဆိုတာက တော်တော်လည်း အခက်အခဲရှိတယ်။ စစ်ဘေးဒုက္ခသည်တွေကလည်း အဝတ်တစ်ထည်ကိုယ်တစ်လုံးနဲ့ ပြေးလာရတဲ့ လူတွေပဲများတယ်ဆိုတော့ အဝတ်အစားတွေ၊ စောင်တွေ၊ ခြင်ထောင်တွေကအစ လူဦးရေ ထောင်ဂဏန်းတွေကို ဘယ်လိုပုံစံမျိုး ဖြန့်ဖြူးရမလဲဆိုတော့ နိုင်ငံတကာ အကူအညီအမြန်ဆုံးမရောက်နိုင်ရင်တော့ အခြေအနေက တော်တော်ဆိုးမယ့်သဘောရှိတယ်” ဟု ဦးဟုန်းထန်းရှယ်က ပြောသည်။

ယခုလက်ရှိ စစ်ဘေးဒုက္ခသည်များမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ ခရိယာန်သာသနာပြုကျောင်းများနှင့် ကျေးရွာတွင်ရှိသည့် အထက်တန်းကျောင်းများတွင် ခိုလှုံနေကြရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် နှစ်မိုင်ခန့်ဝေးသည့်နေရာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး၊ မင်းတပ်-မတူပီကားလမ်းတစ်လျောက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဦးဟုန်းထန်းရှယ်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်မှ ပြည်သူထောက်ခံမှုမပါပဲ အာဏာသိမ်းယူမှုကို အလိုမရှိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ဗီဒီယိုများ