စစ်ရေးပြင်းထန်နေသည့် အမ်းတွင် ကုန်ဈေးနှုန်းတက်၍ ဒေသခံများ စားဝတ်နေရေး ခက်ခဲ 

လက်ရှိတွင် ဆန်တစ်ပြည်ကို ငွေကျပ် ၁၀,၀၀၀ ကျော်၊ ငရုတ်သီးခြောက် တစ်ပိဿာကို ငွေကျပ် ၈၀,၀၀၀၊ စားသုံးဆီ ၅ ဂါလံ တစ်ဗူးကို ငွေကျပ် ၄၀၀,၀၀၀ နှင့် ဟင်းအချို့မုန့် တစ်ပိဿာကို  ၄၀,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေသည်။

By Admin 19 Apr 2024

အမ်းမြို့ပေါ်ရှိ စစ်ဘေးရှောင်များကို ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။ 
အမ်းမြို့ပေါ်ရှိ စစ်ဘေးရှောင်များကို ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။ 

DMG ၊ ဧပြီ ၁၉

ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ကြား စစ်ရေးပြင်းထန်နေမှုကြောင့် စစ်ကောင်စီက အဝင်အထွက်လမ်းများကို ပိတ်ဆို့လိုက်ပြီး  ကုန်စည်စီးဆင်းမှုမရှိသဖြင့် စားသောက်ကုန် ဈေးနှုန်းမြင့်တက်ကာ အခြေခံလူတန်းစားများမှာ ဘဝရပ်တည်ရေး ခက်ခဲနေကြသည်။

ယခုနှစ်အစောပိုင်းက အမ်းမြို့နယ်တွင် ဆန်တစ်ပြည်ကို ငွေကျပ် ၃,၅၀၀၊ ငရုပ်သီးခြောက် တစ်ပိဿာကို ငွေကျပ် ၂၀,၀၀၀၊ စားသုံးဆီ ၅ ဂါလံတစ်ဗူးကို ငွေကျပ် ၁၅၀,၀၀၀ ကျပ်နှင့် ဟင်းချိုမုန့် တစ်ပိဿာကို ၂၀,၀၀၀ ကျပ် စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိခဲ့သည်။

လက်ရှိတွင် ဆန်တစ်ပြည်ကို ငွေကျပ် ၁၀,၀၀၀ ကျော်၊ ငရုတ်သီးခြောက် တစ်ပိဿာကို ငွေကျပ် ၈၀,၀၀၀၊ စားသုံးဆီ ၅ ဂါလံ တစ်ဗူးကို ငွေကျပ် ၄၀၀,၀၀၀ နှင့် ဟင်းအချို့မုန့် တစ်ပိဿာကို  ၄၀,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေသည်။ 

“ဆန်ဆီဆားကြက်သွန် အကုန်လျော့စားနေရတယ်။ ထမင်းမငတ်သေးရုံပဲရှိတယ်။ အလုပ်အကိုင်လည်းမရှိတော့ ဝင်ငွေလည်းမရှိဘူး။ နေမကောင်းဖြစ်ရင် ဆေးခန်လည်းမသွားနိုင်တော့ သေဖို့ပဲရှိတော့တယ်” ဟု အမ်းမြို့နယ် အောက်ရွာကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အမ်းမြို့နယ်အတွင်းရှိ အမ်း - စစ်တွေ၊ အမ်း - တပ်တောင်၊ အမ်း - မအီ ကားလမ်းတို့ရှိ တံတားနှင့် လမ်းများကို စစ်ကောင်စီက ဖျက်ဆီးဖြတ်တောက်ထားသည်။ ယင်းအပြင် အမ်း - မင်းဘူးလမ်းကိုလည်း စစ်ကောင်စီက ပိတ်ဆို့ထားသည်။ 

“ကုန်ဈေးနှုန်း ပိုဆိုးသွားတာက စစ်ကောင်စီတပ်တွေက မင်းဘူးလမ်းကို ပိတ်လိုက်တဲ့အချိန်ကစပြီး ဆိုးသွားတာ။ အမ်းမှာ အဝင်အထွက်လုပ်လို့ရတဲ့ လမ်းတွေက ဘာမှမရှိတော့ဘူး။ အကုန်းလုံးပိတ်ဆို့ထားတယ်။ တစ်ချို့က ရှိတာတွေကို စားနေတယ်။ မရှိတဲ့သူတွေမှာ ဝယ်လို့လည်းမရဘူး။ တော်တော် အခက်အခဲဖြစ်နေကြတယ်” ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အမ်း - မကွေး ဆက်သွယ်ထားသော ကားလမ်းများကို စစ်ကောင်စီက စစ်ရေးအရအသုံးချနေသဖြင့် အမ်း - ပဒါန်းကားလမ်းမပိုင်းကို AA က ဧပြီ ၂ ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်လိုက်သည်။

လက်ရှိတွင် အနောက်ပိုင်တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်ကို AA သိမ်းပိုက်ရယူနိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ဌာနချုပ်မကျရှုံးရေးအတွက် လေကြောင်း၊ ရေကြောင်း၊ အမြောက်လက်နက်ကြီးများဖြင့် ပစ်ကူနေရပြီး တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျှက်ရှိသည်။

“အရင်တုန်းက တစ်နေ့ရှာတစ်နေ့စားဘဝနဲ့နေလာတာ။ အခုက တိုက်ပွဲနေ့တိုင်းဖြစ်နေတော့ အလုပ်လုပ်လို့လည်း မရတော့ဘူး” ဟု ဒါးလက်ချောင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီတွင်လည်း အမ်းမြို့နယ် ကဇုကိုင်းကျေးရွာအနီးက တောဟိန်းတောင်ဗျူဟာကုန်းအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး အမ်းမြို့ ခမရ ၃၇၂ တပ်ရင်းနှင့် အခြားတပ်ရင်းများမှ လက်နက်ကြီးပစ်ကူပေးနေပြီး၊ ဂျက်တိုက်လေယာဉ်များဖြင့်လည်း ပစ်ကူနေကြောင်း ဒေသခံများက ပြောသည်။

ဗီဒီယိုများ