မြောက်ဦးက အစောပိုင်း စစ်ဘေးရှောင်များ အငတ်ဘေးကြုံရမည့်အရေးနှင့် ရင်ဆိုင်နေရ

လက်ရှိစစ်ရေးကာလတွင် NGO၊ INGO နှင့် လူမှုကူညီရေးအဖွဲ့အစည်းများထံမှ အကူအညီအထောက်အပံ့ရရှိမှု လုံးဝပြတ်တောက်နေသဖြင့် လာမည့်ကာလ အငတ်ဘေးနှင့်ကြုံရမည်ကို စစ်ဘေးရှောင်များက စိုးရိမ်နေကြသည်။

By Admin 09 Apr 2024

မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းက တွေ့ရစဉ်။
မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းက တွေ့ရစဉ်။

DMG ၊ ဧပြီ ၉ 

မြောက်ဦးမြို့နယ်တွင် ၂၀၁၉ ခုနှစ် စစ်ရေးကာလကပင် နေရပ်စွန့်ခွာထွက်ပြေးပြီး စစ်ဘေးရှောင်စခန်းများ၌ ခိုလှုံနေကြသူများမှာ စားနပ်ရိက္ခာပြတ်လပ်ပြီး အငတ်ဘေးကြုံရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ 

လက်ရှိစစ်ရေးကာလတွင် NGO၊ INGO နှင့် လူမှုကူညီရေးအဖွဲ့အစည်းများထံမှ အကူအညီအထောက်အပံ့ရရှိမှု လုံးဝပြတ်တောက်နေသဖြင့် လာမည့်ကာလ အငတ်ဘေးနှင့်ကြုံရမည်ကို စစ်ဘေးရှောင်များက စိုးရိမ်နေကြသည်။

“ကူညီထောက်ပံ့မှုက လုံးဝမရတော့တဲ့ အခြေအနေဖြစ်နေတယ်။ အလုပ်ထွက်လုပ်မယ်ဆိုလည်း ဘာအလုပ်မှကို မရှိဘူး။ ရှိတာလေးတွေကို ရောင်းချ၊ အတိုးနဲ့ငွေချေးပြီးတော့ စားနေကြရတာ၊ ဒီလိုသာရှေ့ဆက်မယ်ဆို မကြာခင် အငတ်ဘေးနဲ့ကြုံရနိုင်တယ်” ဟု မြောက်ဦးမြို့၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းမှ ဒေါ်လှအေးစိုးက ပြောသည်။ 

နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့များကို စစ်ကောင်စီက ကန့်သတ်ပိတ်ဆို့ထား၍ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရခြင်း ဖြစ်သည်။ 
စစ်ဘေးရှောင်များအား လစဉ်ထောက်ပံ့ပေးနေသည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ထံမှ ကူညီထောက်ပံ့မှု မရရှိသည်မှာ သုံးလကျော်အထိရှိလာပြီဟု စစ်ဘေးရှောင်များက ပြောသည်။ 

“WFP ထောက်ပံ့မှုမရတာ သုံးလကျော်ရှိပြီ။ မြို့ပေါ်က စစ်ဘေးရှောင်တွေပဲရတယ်လို့ ကြားတယ်။ ကျနော်တို့လို နယ်ဘက်က စစ်ဘေးရှောင်တွေက လုံးဝမရဘူး။ တခြားအဖွဲ့တွေရဲ့ ထောက်ပံ့မှုတွေလည်း မရှိဘူး” ဟု စမ်းဘောကိုင်း စစ်ဘေးရှောင်စခန်းမှ အမျိုးသားတစ်ဦးက ပြောသည်။ 

ဒေသတွင်း လူမှုကူညီရေးအဖွဲ့များမှာလည်း စစ်ဘေးရှောင်များအား ထောက်ပံ့ကူညီရန် စိန်ခေါ်မှုများရှိနေသည်။ စစ်ရေးကာလဖြစ်နေ၍ လူမစုစည်းနိုင်ခြင်း၊ ရန်ပုံငွေရှာမရခြင်း၊ နိုင်ငံတကာအဖွဲ့များနှင့် မချိတ်ဆက်နိုင်ခြင်း စသည့်အခက်အခဲများ ရှိနေကြခြင်း ဖြစ်သည်။ 

မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်စခန်း (၂၈) ခုရှိပြီး မြောက်ဦးမြို့ပေါ်၌ ၁၃ ခုရှိပြီး ကျန်စခန်းများမှာ ကျေးလက်ဒေသများတွင် တည်ရှိသည်။ ၎င်းတို့မှာ ၂၀၁၉ ခုနှစ်က စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) ကြား တိုက်ပွဲများကြောင့် ‌နေရပ်စွန့်ခွာနေရသူများ ဖြစ်သည်။ 

မြောက်ဦးမြို့ပေါ်ရှိ စစ်ဘေးရှောင်များမှာ လက်ရှိမြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာ ကျေးလက်ဒေသများသို့ ထပ်မံထွက်ပြေးနေကြရပြီး ယခုကဲ့သို့ ပူပြင်းသည့်နွေကာလတွင် ပို၍အခက်အခဲကြုံရကြောင်း ပြောဆိုကြသည်။ 

“အပူချိန်တအားမြင့်နေတော့ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေအတွက် စိုးရိမ်ရတယ်။ ကျနော်တို့ကတော့ စခန်းကလူတွေ အရေးပေါ်ကျန်းမာရေးကိစ္စအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားတယ်” ဟု မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးစိုးနိုင်က ဆိုသည်။

အပူပြင်းဆုံးရာသီဝင်လာပြီဖြစ်၍ ရခိုင်က အိုးအိမ်စွန့်ခွာနေကြသူများမှာ သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေကြရပြီး လေပြင်းမုန်တိုင်းရာသီအမီ အမိုးအကာထောက်ပံ့ပေးရန် အရေးတကြီးလိုအပ်နေကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး၊ သောက်သုံးရေ စသည့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေသည်။

ဗီဒီယိုများ