ကမ်းထောင်းကြီးမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် ဆန်ပြတ်လပ်နေမှုကြောင့် စစ်ဘေးရှောင်များအခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွင် ဆန်ပြတ်လပ်နေ၍ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

02 Nov 2020

(ဓာတ်ပုံ- ကမ်းထောင်းကြီးမြို့အလွမ်းပြေPage)

နှင်းနွယ် | DMG
နိုဝင်ဘာ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွင် ဆန်ပြတ်လပ်နေ၍ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၁၃၀၀)ကျော်ရှိရာ ယခင်ကလူတစ်ဦးကို တစ်နေ့လျှင် ဆန်နို့စည်ဗူးသုံးဗူးနှုန်းဖြင့် တစ်လစာအတွက် ပေးနိုင်ခဲ့သော်လည်း လက်ရှိတွင် လူတစ်ဦးလျှင် ဆန်နှစ်ဗူး နှုန်းဖြင့် တစ်ပတ်စာပေးအတွက်သာပေးနိုင်ကြောင်း စစ်ဘေးရှောင်စခန်းမှ အတွင်းရေးမှူး ဦးဝင်းလှမောင်က DMG သို့ ပြောသည်။

“ဆန်က လုံးဝပြတ်သွားတဲ့အတွက် အလှူရှင်တွေက လှူထားတဲ့ငွေတွေအကုန်လုံးနဲ့ သိန်း ၉၀ ကျော်ဖိုး ဝယ်လိုက်ပြီးတော့ လောလောဆယ် မလောက်မငှ ပေးထားတယ်။ ပုံမှန်ပေးနေကြအတိုင်းတောင် မပေးနိုင်တော့ဘူး။ နောက်ပြီးတော့ ဒါတွေကုန်သွားရင်ထပ်ပေးဖို့အတွက် ကျနော်တို့မှာ ဘာမှမရှိသေးဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်၊ ကဇုကိုင်း‌ကျေးရွာအုပ်စုနှင့် ဒါးလက်‌ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၄၀)ကျော်မှ ဒေသခံများ လာရောက်ခိုလှုံနေကြခြင်းဖြစ်ကြောင်း စခန်းတာဝန် ရှိသူများထံမှ သိရသည်။

အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် မီးဖိုချောင်သုံးပစ္စည်းများကို တစ်လတစ်ကြိမ်ပုံမှန်ထောက်ပံ့ပေးခဲ့သော်လည်း ဆန်များကိုမူ လာရောက်ထောက်ပံ့ပေးသူမရှိသဖြင့် စခန်းကပေးသည့်ဆန်များကိုသာ ဖူလုံမှုမရှိဘဲ စားသုံးနေရကြောင်း ကဇုကိုင်းအုပ်စု၊ ဆင်အိုးတိုက်ကျေးရွာမှ ‌လာရောက်ခိုလှုံနေသူ မလှနုဝေကဆိုသည်။

“လူတစ်ယောက်နဲ့တစ်ယောက် စားသောက်ပုံချင်းကမတူတော့ စခန်းကပေးထားတဲ့ ဆန်နဲ့ အဆင်ပြေတဲ့သူ ရှိသလို အဆင်မပြေတဲ့သူတွေလည်းရှိတယ်။ တချို့ဆိုရင် မိသားစုများတဲ့အတွက် ရတဲ့ဆန်နဲ့မလောက်လို့ လူတွေဆီက ချေးငှားစားသောက်နေရတယ်” ဟု ၎င်းကပြောသည်။

အမ်းမြို့နယ်၊ အုန်းတည်ချောင်းကျေးရွာမှ လာရောက်ခိုလှုံနေသူ ဦးမောင်လှဝင်းက “တစ်ခြားပစ္စည်းတွေထက် ဆန်ကပိုအရေးကြီးတာကြောင့် ဆန်တစ်ခုကိုပဲ ကျနော်တို့လုံလုံလောက်လောက်ရရင် ကျေနပ်ပါတယ်။ ဒါကြောင့် နောက်လတွေမှာ အခုလိုပြတ်လပ်မှုတွေနဲ့မကြုံရအောင် အလှူရှင်တွေအနေနဲ့ ဆန်တွေလှူဒါန်း ပေးဖို့ကို ကျနော်တို့စစ်ဘေးရှောင်တွေက တောင်းဆိုချင်ပါတယ်” ဟု ဆိုသည်။

ယခင်က စစ်ဘေးရှောင်များ၏စားဝတ်နေရေးအတွက် အခြား‌သောကျေးရွာများသို့သွားရောက်ကာ အလှူငွေများကောက်ခံပေးခဲ့သော်လည်း ယခုအခါ ကိုဗစ်ကြောင့် တစ်ရွာနှင့်တစ်ရွာဝင်ထွက်သွားလာရန် အဆင်မပြေသဖြင့် အခက်အခဲများရှိလာရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များကို အကူညီပေးနေသူများက ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ ၂ နှစ်နီးပါးထိကြာမြင့်လာနေသည့် တိုက်ပွဲအကျိုးဆက်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် နှစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော်အထိ ရှိလာနေပြီး စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။

ဗီဒီယိုများ