ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတစ်ဦးသေဆုံးမှုတွင် ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန် ရဲကိုတိုင်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာတွင် ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်)၊ ညည့် ၁၁ နာရီကျော်ခန့်၌ တပ်မတော်က သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်ခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးသေဆုံးပြီး အမျိုးသမီးတစ်ဦးလည်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည်ဟု မိသားစုဝင်များက DMG ကိုပြောသည်။

By ကျော်သူဋ္ဌေး 12 Dec 2019

(ဓာတ်ပုံ - ညီညီအောင်)

ကျော်သူဌေး | DMG
ဒီဇင်ဘာ ၁၂၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာတွင် ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်)၊ ညည့် ၁၁ နာရီကျော်ခန့်၌ တပ်မတော်က သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်ခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးသေဆုံးပြီး အမျိုးသမီးတစ်ဦးလည်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည်ဟု မိသားစုဝင်များက DMG ကိုပြောသည်။

ထို့ကြောင့် အခင်းဖြစ်ပွားသည့် နေရာကို လာရောက်စစ်ဆေးပြီး အမှုဖွင့်လှစ်ပေးရန်နှင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် မင်းပြားမြို့မရဲစခန်းကို သေဆုံးသူ၏ ဖခင်နှစ်ဦးက တိုင်ကြားထားသည်။

မင်းပြားမြို့မရဲစခန်းမှ ဒုရဲမှူး အောင်မြသန်းက “(တိုင်ကြားတာ)ဟုတ်တယ်။ အဲဒါ ကျနော်တို့ဆောင်ရွက်နေဆဲမို့လို့ ပြောလို့မရသေးဘူး” ဟု ပြောသည်။

တပ်မတော်သားများသည် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ကို မေးမြန်းပြီး ကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်လာသည်။ အိမ်သို့ရောက်ရှိစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း(အသက် ၄၂ နှစ်)ကို သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်ခြင်းကြောင့် နေအိမ်၌ပင် သေဆုံးသွားသည်။ ထို့အပြင် ကလေး(၃)ဦး၏ မိခင် ဒေါ်ဖြူဖြူဝင်း(အသက် ၃၉ နှစ်)မှာလည်း ကျည်ဆန်ထိမှန်မှုကြောင့် သေဆုံးသွားသည်ဟု  အုပ်ချုပ်ရေးမှူး၏ ဆွေမျိုးတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

Related Post : မင်းပြားမြို့နယ်တွင် ပစ်ခတ်ခံရ၍ အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတစ်ဦး သေဆုံး

ဗီဒီယိုများ