မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ဖို့ အမေရိကန်က ကြိုးစားနေပြီလား

ဘော့စနီးယားစစ်ပွဲတုန်းကတော့ ဘော့စနီးယားပြည်သူတွေအပေါ် ဆားဘီးယားစစ်တပ်က လေကြောင်းတိုက်ခိုက်တာမျိုး မလုပ်နိုင်အောင် ကုလသမဂ္ဂရဲ့ သဘောတူညီချက်နဲ့ ၁၉၉၃ ခုနှစ် ဧပြီလကနေ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ အထိ ၂ နှစ်ကျော်ကြာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးခဲ့ဖူးပါတယ်။

By Admin 11 Feb 2023

မိတ္ထီလာမြို့နယ် ရှမ်းတဲလေတပ်စခန်းမှ ဂျက်တိုက်လေယာဉ် ၂ စင်း ပစ်ခတ်မှုလေကျင့်နေစဉ်။ Photo: State Media
မိတ္ထီလာမြို့နယ် ရှမ်းတဲလေတပ်စခန်းမှ ဂျက်တိုက်လေယာဉ် ၂ စင်း ပစ်ခတ်မှုလေကျင့်နေစဉ်။ Photo: State Media

DMG (ဘာသာပြန်ဆောင်းပါး)

မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်တလျှောက် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ ပြန်ပြီးပြင်းထန်လာနေသလို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို ရက်ရက်စက်စက် အသုံးပြုနေတယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ၂၀၂၃ နှစ်သစ်ကူးအခါသမယမှာပဲ အမေရိကန်နဲ့ တရုတ်နိုင်ငံက ထိပ်တန်းအရာရှိကြီးတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာခဲ့ကြပါတယ်။ 

ဘင်္ဂလားဒေ့ရှ်ကို ကသောကမျောရောက်ရှိလာခဲ့ကြတဲ့ ပင်တဂွန်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေရဲ့ ခရီးစဉ်က ဒီမိုကရေစီရေးတိုက်ပွဲဝင်နေတဲ့ မြန်မာနိုင်ငံအတိုက်အခံတွေအပေါ် အမေရိကန်အနေနဲ့ စစ်ရေးအရ အကူအညီမပေးနိုင်ဘူးဆိုရင် ဘော့စနီးယားတုန်းက လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးခဲ့သလို မြန်မာမှာလည်း သတ်မှတ်ပေးဖို့ အမေရိကန်ကစဉ်းစားနေသလား. . . ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ချက်ကို ထိထိရောက်ရောက် သတ်မှတ်နိုင်ဖို့အတွက်ဆို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက မဖြစ်မနေလိုအပ်ပါတယ်။

■ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးနဲ့ အကြမ်းဖက်မှုအားလုံး ရပ်တန့်ရေး စတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာစစ်ကောင်စီအပေါ် ပြင်းထန်တဲ့ဆုံးဖြတ်ချက်တွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာချမှတ်ခဲ့ပြီး အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း ထောက်ခံခဲ့ကြပါတယ်။ ဒါက မြန်မာစစ်အစိုးရအပေါ် အရေးယူနိုင်မယ့် ပထမဆုံးသောခြေလှမ်းပါပဲ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အခုလိုမဲခွဲဆုံးဖြတ်ခဲ့တာက ဆယ်စုနှစ်တွေများစွာအတွင်း မြန်မာနိုင်ငံ အခြေအနေတွေနဲ့ပတ်သက်ပြီး ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်သလို ပိုပြီးအရေးပါတဲ့အချက်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အရပ်သားအစိုးရကို စစ်တပ်ကဖြုတ်ချပြီးနောက်ပိုင်း အားလုံးညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ်ခဲ့တဲ့အချက်ပါပဲ။

UK ကအဆိုပြုတဲ့ဆုံးဖြတ်ချက် (S/RES/2669(2022)) ကို ထောက်ခံမဲ ၁၂ မဲနဲ့ မဲခွဲအတည်ပြုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာချမှတ်ခဲ့တဲ့ အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ ရပ်ရဲ့ အရေးပါမှုကိုလည်း ပိုပြီး ခိုင်မာစေခဲ့ပါတယ်။

ဒေလီအစိုးရကတော့ မြန်မာစစ်တပ်နဲ့ဆက်ပြီး ထိတွေ့ဆက်ဆံလိုပုံရှိနေပြီး မဲခွဲဆုံးဖြတ်ရာမှာ မဲမပေးဘဲကြားနေခဲ့သလို ရုရှားနဲ့တရုတ်ကလည်း ကြားနေခဲ့ပါတယ်။ ဒါပေမယ့် အသစ်ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ (ဗမာလူမျိုး) တော်လှန်ရေးအဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတွင်းမှာရှိနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းပေါင်းစုံကို မြန်မာစစ်တပ်က ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိတော့တဲ့အတွက် စစ်ကောင်စီအပေါ် တရုတ်ကလည်း လိုလားပုံမပြတော့ပါဘူး။ ဒါကြောင့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာစစ်တပ်အပေါ် မဲခွဲဆုံးဖြတ်မှုကို တရုတ်နိုင်ငံက ဗီတိုအာဏာသုံးပြီး မဖယ်ရှားခဲ့တာကလည်း သိသာထင်ရှားပါတယ်။

ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ကချင်ပြည်မှာ ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KIA) တို့က ကိုယ့်ပြည်နယ်ရဲ့နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင်ပေမယ့် ရခိုင်နဲ့ကချင်အပါအဝင် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဘော့စနီးယားနိုင်ငံအပေါ် NATO (အဓိက အမေရိကန်)က လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးခဲ့သလိုသာ မြန်မာနိုင်ငံအပေါ်လည်း သတ်မှတ်ပေးခဲ့မယ်ဆိုရင် အရပ်ဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြန်ပြီး ထိန်းညှိပေးနိုင်မှာဖြစ်သလို အခွင့်ကောင်း တစ်ခုအနေနဲ့လည်း မြန်မာစစ်တပ်ကို ဖြုတ်ချနိုင်ပါလိမ့်မယ်။

ဖော်ပြခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မြန်မာစစ်တပ်က လေကြောင်းစွမ်းအားကို အခုချိန်အထိ အကြီးအကျယ်အသုံးချနေပြီး နယ်မြေခြေကုပ်ယူထားပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းက ကချင်လွတ်မြောက်ရေးတပ်မတော်က ဦးစီးကျင်းပတဲ့ ဂီတဖျော်ဖြေပွဲတစ်ခုကို မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူပေါင်း ၆၀ သေဆုံးခဲ့ရသလို ရခိုင်ပြည်မှာလည်း အလားတူ လေကြောင်းတိုက်ခိုက်တာမျိုးတွေ မြန်မာစစ်တပ်က ဆောင်ရွက်နေပါတယ်။ မကြာသေးခင်တုန်းကပဲ ချင်းပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ် နယ်စပ်မှာအခြေစိုက်ထားတဲ့ CNF (ချင်းအမျိုးသားတပ်ဦး)နဲ့ PDF တွေရဲ့ ဝိတိုရိယဌာနချုပ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ချိန်မှာတော့ ဒေလီအစိုးရလည်း ထိတ်လန့်တကြား ဖြစ်သွားခဲ့ပါတယ်။ မီဇိုရမ် ပြည်နယ်မှာ လက်ရှိအချိန်ထိ မြန်မာရွှေ့ပြောင်းဒုက္ခသည်ပေါင်း ၂၀,၀၀၀ ကျော်ရှိနေပြီး နောက်ထပ်ရောက်လာမှာကို အိန္ဒိယက စိုးရိမ်နေပါတယ်။

■ ဘော့စနီးယားပုံစံ လေယာဉ်မပျံသန်းရဇုန် (No-Fly Zone)

ဘော့စနီးယားစစ်ပွဲတုန်းကတော့ ဘော့စနီးယားပြည်သူတွေအပေါ် ဆားဘီးယားစစ်တပ်က လေကြောင်းတိုက်ခိုက်တာမျိုး မလုပ်နိုင်အောင် ကုလသမဂ္ဂရဲ့ သဘောတူညီချက်နဲ့ ၁၉၉၃ ခုနှစ် ဧပြီလကနေ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ အထိ ၂ နှစ်ကျော်ကြာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးခဲ့ဖူးပါတယ်။ ဘော့စနီးယားပြည်သူတွေကို လေကြောင်းတိုက်ခိုက်တာကနေ ကာကွယ်ပေးခဲ့တဲ့ လေယာဉ်မပျံသန်းရဇုန် (No-Fly Zone) ကို NATO (နေတိုး) က ဦးဆောင်သတ်မှတ်ခဲ့တယ် ဆိုပေမယ့် အဓိက ဦးဆောင်ခဲ့တာကတော့ အမေရိကန်ပါ။ 

■ တရုတ်အတွက်စိုးရိမ်စရာ

လေယာဉ်မပျံသန်းရဇုန်သာ သတ်မှတ်နိုင်ခဲ့မယ်ဆိုရင် တရုတ်နိုင်ငံအတွက် ကြီးကြီးမားမား ထိခိုက်စရာတွေ ဖြစ်လာနိုင်ပါတယ်။ အဓိကကတော့ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်ရဲ့ တရုတ်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ယူနန်ပြည်နယ်ကို ချိတ်ဆက်ထားတဲ့ ရေနံဓာတ်ငွေ့ပိုက်လိုင်းပါ။ မြန်မာနိုင်ငံကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်နိုင်ငံက ဝင်ရောက်ခွင့်ရသွားမယ့်အပေါ် အမေရိကန်နဲ့ သူ့မဟာမိတ်တွေက မလိုလားကြပါဘူး။ ထို့အတူ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်လိုက်လို့ စစ်ကောင်စီ အင်အားနည်းသွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေ အားသာသွားခဲ့ရင် တရုတ်အတွက် ပင်လယ်ထွက်ပေါက် ပိတ်သွားမှာဖြစ်တဲ့အတွက် တရုတ်ကလည်း မလိုလားပြန်ပါဘူး။ အမေရိကန်အတွက်တော့ တရုတ်ကိုထိန်းချုပ်နိုင်ဖို့အတွက် တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်ကို ပိတ်ဆို့နိုင်ရေးက အဓိကမဟာဗျူဟာ ရည်မှန်းချက်ဖြစ်နေတာ သေချာပေါက်ပါပဲ။

မြန်မာနိုင်ငံမှာ ဘော့စနီးယားပုံစံ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်နိုင်ဖို့ အမေရိကန်ရဲ့အဆိုပြုချက်မှာ စိန်ခေါ်မှုတွေရှိနေပြီး အဓိကကျတဲ့ အချက်တစ်ချက်က No-Fly Zone ရေရှည်တည်တံ့နေနိုင်အောင်  မြေပြင်ထောက်ပို့စခန်း ထားရှိနိုင်ရေးပါ။ လေကြောင်းကာကွယ်ရေးအတွက် ဘင်္ဂလားပင်လယ်အော်မှာ ရှိတဲ့ မြန်မာ့ကမ်းရိုးတန်းမှာ လေယာဉ်တင် သင်္ဘောတစ်စင်းရှိရုံနဲ့ လုံလောက်ပေမယ့် နောက်ထပ် မြေပြင်ထောက်ပံ့ရေးစနစ်တွေလည်း လိုအပ်ပါသေးတယ်။ အထူးသဖြင့်ကတော့ လေယာဉ်မပျံသန်းရဇုန် ရည်ရွယ်ချက်က ရေရှည်တည်တံ့နိုင်ဖို့ ကြိုးပမ်းချက်တစ်ရပ်ဖြစ်လာခဲ့ရင် မြေပြင်ထောက်ပံ့ရေးစခန်း ထားရှိနိုင်ဖို့ ပိုပြီး အရေးကြီးလာပါပြီ။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်နိုင်ရေးအတွက် အမေရိကန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာရှိတဲ့ ဆိပ်ကမ်းတွေနဲ့ ကုန်းမြေဆက်စပ်ဒေသတွေ လိုအပ်ပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးနဲ့ မွတ်ဆလင်ပြဿနာတွေရဲ့ နောက်ဆုံးအဖြေအတွက် ရက္ခိုင့်တပ်တော်(AA)က ခိုင်မာတဲ့ကျောထောက်နောက်ခံအဖြစ် ရှိနေပါတယ်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာတော့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်  ဟာဆီနာလည်း ရွေးကောက်ပွဲနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ရက္ခိုင့်တပ်တော်နဲ့ ဆက်ဆံရေးပြေပြစ်မှုက ကောင်းမွန်တဲ့အချက်ဖြစ်သလို ရက္ခိုင့်တပ်တော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ပြန်ပြီးခေါ်ယူမယ်လို့ ကတိပြုထားပါတယ်။ ဒါတွေက အမေရိကန်အနေနဲ့ ဘင်္ဂလားဒေ့ရှ်အပေါ် သဘောကျစရာအချက်တွေပါပဲ။

■ ဘင်္ဂလားဒေ့ရှ်အပေါ် အမေရိကန်ဖိအား

ဘင်္ဂလားဒေ့ရှ်ရဲ့ ထိပ်တန်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေအရ အမေရိကန်က ဟာဆီနာအစိုးရအပေါ် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ကြီးမားတဲ့ဖိအားတွေပေးခဲ့သလို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ကိုလည်း တွန်းအားပေးခဲ့တယ်လို့ သိရပါတယ်။ အခြေခံအားဖြင့်တော့ အမေရိကန်က ဝန်ကြီးချုပ် ဟာဆီနာကို စစ်တပ်နဲ့ပတ်သက်နေတဲ့ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်နှစ်ရပ် ဖြစ်တဲ့ GSOMIA နဲ့ ACSA တို့ကိုလက်မှတ်ရေးထိုးဖို့ တွန်းအားပေးပြီး ဖြစ်နိုင်ချေရှိနေတဲ့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်နိုင်ရေးအတွက် မြေပြင် ထောက်ပံ့ပို့ဆောင်ရေး စခန်းအတွက် ဖိအားတွေက အခုထက်ပိုပြီး ပိုလာနိုင်ဖွယ်ရှိနေပါတယ်။

တကယ်လို့သာ သူမအနေနဲ့ အမေရိကန်အဆိုပြုချက်အပေါ် မလိုက်လျောခဲ့ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အစိုးရအပြောင်းအလဲအတွက် အကြမ်းမဖက်တဲ့ အတိုက်အခံတွေကိုလှုံ့ဆော်ပေးပြီး နောက်ထပ် စွက်ဖက်နိုင်တာတွေအားလုံးနဲ့ ဟာဆီနာအစိုးရကို တွန်းအားပေးနိုင်သေးတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီရဲ့ တောင်အာရှဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး Eileen Laubacher နဲ့ နိုင်ငံခြားရေးဌာနရဲ့ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး (တောင်ပိုင်း နဲ့ ဗဟိုအာရှ) Donald Lu တို့ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသွားအပြန်ခရီးစဉ်က ဝါရှင်တန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်တွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ဖိအားတစ်စိတ်တစ်ပိုင်းအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုနေကြပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် Qin Gung လည်း တောင်အာဖရိကသွားရင်းနဲ့ ဒါကာမြို့ကို အလည်ဝင်ခဲ့ပါသေးတယ်။ အမေရိကန်ရေတပ်ဗိုလ်ချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိကြီးတွေ လာရောက်ပြီး သိပ်မကြာခင်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abdula Momen က တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်နဲ့ လေဆိပ်မှာတွေ့ဆုံခဲ့ပြန်ပါတယ်။ ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဌာန လက်ထောက်အကြီးအကဲ Chen Zhou ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တွေလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီး အဓိကနိုင်ငံရေးပါတီတွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။

တရုတ်တွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အများစု အကောင်အထည်ဖော်ပြီးသား အဓိကအခြေခံ အဆောက်အအုံ ပရောဂျက်တွေအတွက် ကြီးမားတဲ့ဖွံ့ဖြိုးရေးအကူအညီတွေ ရှိပါတယ်။ ဒါကာလေဆိပ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Momen နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်ကြုံနေရတဲ့ ပြဿနာတွေကို ထုတ်ဖော်ပြောဆိုခဲ့သလို ရွေးကောက်ပွဲနှစ်မှာ အရေးကြီးတဲ့ ပရောဂျက်တွေကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ဖို့ တရုတ်နိုင်ငံဆီကနေ လိုချင်တာအားလုံး ရဖို့လိုအပ်ပါတယ်။ 

တရုတ်အတွက်ကလည်း စိုးရိမ်စရာအခြေအနေပါပဲ။ တကယ်လို့သာ မြန်မာစစ်ကောင်စီကို အပြင်းထန်ဆုံးတိုက်ခိုက်ဖို့ကြံရွယ်နေတဲ့ အမေရိကန်နဲ့ သူ့မဟာမိတ်တွေကသာ ဒါကာကို သွေးဆောင်နိုင်ခဲ့ရင် တရုတ်ကို ကန်ထုတ်မှာ သေချာပါတယ်။ ဟာဆီနာရဲ့ သံတမန်ရေးရာကျွမ်းကျင်မှု (သံတမန်ရေးရာ ကျွမ်းကျင်မှုထက် အလွဲအချော်များကြောင့်သာ လူသိပိုများသည်) က ရွေးကောက်ပွဲ ကျင်းပမယ့်နှစ်မှာပဲ တရုတ်-အမေရိကန် အားပြိုင်မှုကြောင့် ကြီးမားတဲ့စမ်းသပ်မှုနဲ့ ကြုံရဖို့ရှိနေပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အခန်းကဏ္ဍအပေါ်မှာလည်း အများကြီးမူတည်နေသလို ဟာဆီနာအနေနဲ့ အိန္ဒိယရဲ့အကူအညီနဲ့ တုန့်ပြန်မှုကို ဘယ်လိုနမူနာယူမလဲဆိုတာကိုပဲ စောင့်ကြည့်ရပါမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရုရှားအကူအညီနဲ့ တည်ဆောက်နေတဲ့ Rooppur နျူးကလီးယားစက်ရုံအတွက် ပစ္စည်းတွေတင်ဆောင်လာတဲ့ ရုရှားသင်္ဘောတစ်စီးကို အိန္ဒိယနိုင်ငံက ဝင်ရောက်ခွင့်ပေးခဲ့ပါတယ်။ အဲဒီရုရှားသင်္ဘောကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားပင်လယ်အော်မှာ လေယာဉ်မပျံသန်းရဇုန်ကိုသာ ဆက်ပြီး အကောင်အထည် ဖော်သွားမယ်ဆိုရင်တော့ ဒေလီနဲ့ ဒါကာ (အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်)သာ ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ မြေစာပင်ဘဝ ရောက်ရပါလိမ့်မယ်။

■ ဘုန်းမောင်
"Subir Bhaumik" ရေးသားသော "Will US do a Bosnia on Myanmar? No-Fly-zone move may involve India" ကို ဆီလျော်အောင်ရေးသားပါသည်။ 

ဗီဒီယိုများ