လူ့အခွင့်အရေး ချိုးဖောက်နေသည့် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီများ ရရှိနေဆဲ

AI အဖွဲ့သည် ပြီးခဲ့သည့်နှစ်ကလည်း အလားတူအစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုစဉ်က အရပ်သားလေယာဉ်များအတွက် တင်ပို့သည့် လေယာဉ်ဆီများကို မြန်မာစစ်တပ်အတွက် ယူသုံးနေသည်ကို စုံစမ်းဖော်ထုတ်ခဲ့သည်။

By Admin 02 Mar 2023

ဓာတ်ပုံ - Twitter
ဓာတ်ပုံ - Twitter

အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း မြန်မာစစ်တပ်သည် ၎င်းလိုအပ်သော လေယာဉ်ဆီများကို အာရှနှင့် ဥရောပကုမ္ပဏီများ၏ အကူအညီဖြင့် ဝယ်ယူရရှိနေဆဲ ဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များက မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (Amnesty International – AI)၊ Global Witness နှင့် Burma Campaign UK အဖွဲ့တို့၏ အဆိုပါထုတ်ပြန်ချက်၌ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ သယ်ယူပို့ဆောင်ပေးရာတွင် ကူညီပေးနေသည့် ကုမ္ပဏီအမည်များကို စုံစမ်းဖော်ပြထားသည်။

AI အဖွဲ့သည် ပြီးခဲ့သည့်နှစ်ကလည်း အလားတူအစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုစဉ်က အရပ်သားလေယာဉ်များအတွက် တင်ပို့သည့် လေယာဉ်ဆီများကို မြန်မာစစ်တပ်အတွက် ယူသုံးနေသည်ကို စုံစမ်းဖော်ထုတ်ခဲ့သည်။

ယခုအသစ်ထွက်ရှိသော အစီရင်ခံစာ၌ ပြီးခဲ့သော လအနည်းငယ်အတွင်း မြန်မာစစ်တပ်ရရှိခဲ့သည့် လေယာဉ်ဆီများကို တင်သွင်းရာတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများကို ထပ်မံစုံစမ်း ဖော်ပြထားသည်။

လောင်စာဆီ တင်ပို့မှုများအနက် တစ်ခုမှာ ဆီတင်သင်္ဘော Prime V ဖြင့်ဖြစ်ကာ ထိုသင်္ဘောသည် အိန္ဒိယနိုင်ငံ ဂူဂျရက်ပြည်နယ် ဆစ်ကာမြို့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ ၎င်းသင်္ဘောသည် ထိုနှစ် ဒီဇင်ဘာ ၁၀ သို့မဟုတ် နောက်ပိုင်းရက်များတွင် သီလဝါဆိပ်ကမ်းရှိ ယခင်က Puma Energy Aviation Sun ကုမ္ပဏီ ပိုင်ဆိုင်ခဲ့သည့် ဆိပ်ခံနေရာတွင် Jet A-1 အဆင့် လေယာဉ်ဆီများ လွှဲပြောင်းပေးခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။

“ဆွစ်ဇာလန်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံတကာ လောင်စာဆီကုမ္ပဏီ Puma Energy ဟာ မြန်မာနိုင်ငံက ထွက်ခွာဖို့ ၂၀၂၂ နိုဝင်ဘာမှာ စီစဉ်ပြီးနောက် သူ့ရဲ့လုပ်ငန်းတွေကို မြန်မာစစ်တပ်အတွက် လောင်စာဆီတင်သွင်းပေးနေတဲ့ မြန်မာစီးပွားရေးအုပ်စု တစ်ခုကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဟာ စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ” AI အဖွဲ့၏ သုတေသီတစ်ဦးဖြစ်သလို စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြံပေးတစ်ဦးလည်းဖြစ်သူ မွန်စီဖာရာက အစီရင်ခံစာတွင် ပြောကြားထားသည်။  

ဤတင်သွင်းမှု၌ Prime V ထွက်ခွာလာသည့် ဆိပ်ခံကို ပိုင်ဆိုင်သော အိန္ဒိယကုမ္ပဏီ Reliance Industries Ltd ၊ အဆိုပါသင်္ဘောကို ပိုင်ဆိုင်သည့် ဂရိကုမ္ပဏီ Sea Trade Marine ၊ သင်္ဘောအတွက် အာမခံဝန်ဆောင်မှု ပေးခဲ့သည့် ဂျပန်ကုမ္ပဏီ Japan’s P&I Club တို့ပါဝင်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။ 

အောက်တိုဘာလအတွင်းက နောက်ထပ် တင်ပို့မှုတစ်ခုဖြစ်သော သီလဝါဆိပ်ကမ်းတွင် A-1 လေယာဉ်ဆီ တန်ချိန်တစ်သောင်းကျော် ချပေးခဲ့သည့် Big Sea 104 သင်္ဘောနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ Big Sea 104 သည် ထိုင်းနိုင်ငံ ဘန်ကောက်ဆိပ်ကမ်းရှိ ဘန်းချက် (Bang Chak) ရေနံစက်ရုံမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၈ ရက်ဝန်းကျင်က ထွက်ခွာလာခြင်း ဖြစ်ပြီး တစ်ပတ်ခန့်အကြာတွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ သင်္ဘောပေါ်၌ လေယာဉ်ဆီ ၁၂၅၉၂ တန် သယ်ဆောင်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

ဘန်းချက်ရေနံစက်ရုံကို ထိုင်းကုမ္ပဏီ ဘန်းချက်က ပိုင်ဆိုင်ပြီး Big Sea 104 သင်္ဘောကို ထိုင်းကုမ္ပဏီ Prima Marine က ပိုင်ဆိုင်သည်။ အဆိုပါသင်္ဘောအတွက် အာမခံဝန်ဆောင်မှုကို လူဇင်ဘက်နိုင်ငံ အခြေစိုက် The Shipowner’s Club က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

“ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ မြန်မာစစ်တပ်က လေယာဉ်ဆီတွေ ရရှိအောင် ဒီကုမ္ပဏီတွေဟာ တစ်ထောင့်တစ်နေရာကနေ ကူညီနေကြတာ ဖြစ်ပါတယ်” ဟု မွန်စီဖာရာက ပြောသည်။

“၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းချိန်တည်းက မြန်မာစစ်တပ်ဟာ သူ့အပေါ် ဝေဖန်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်တာ၊ အရပ်သားတွေကို မြေပြင်၊ဝေဟင်ကနေ တိုက်ခိုက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ လေယာဉ်ဆီ အထောက်အပံ့တွေ မြန်မာစစ်တပ်ဆီ ရောက်သွားတာဟာ စစ်ရာဇဝတ်မှုတွေကို အားပေးတာပါပဲ။ ဒီတင်သွင်းမှုတွေကို ခုချက်ချင်း ရပ်ဖို့လိုပါတယ်” ဟု မွန်စီဖာရာက အစီရင်ခံစာတွင် ပြောကြားထားသည်။

မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၀၄ ကြိမ်ရှိခဲ့ကာ ၂၀၂၂ ခုနှစ်တွင် ၂၄၃ ကြိမ်အထိ ရှိခဲ့ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ထံမှရရှိသည့် အချက်အလက်များကို ကိုးကားပြီး ယခုအစီရင်ခံစာသစ်၌ ဖော်ပြထားသည်။

ဗီဒီယိုများ