ရခိုင်တွင် ဆေးဆိုင်များကို စစ်ဆေးမှုများရှိနေ

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့တွင် သက်ဆိုင်ရာဌာနများမှ ဆေးဆိုင်များကို ဝင်ရောက်စစ်ဆေးမှုများ ရှိနေကြောင်း သတင်းရရှိသည်။

16 Aug 2021

DMG ၊ သြဂုတ် ၁၆

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့တွင် သက်ဆိုင်ရာဌာနများမှ ဆေးဆိုင်များကို ဝင်ရောက်စစ်ဆေးမှုများ ရှိနေကြောင်း သတင်းရရှိသည်။

ဆေးဆိုင်များတွင် ဆေးများဈေးတင်ရောင်းချမှုမရှိစေရန်အတွက် သြဂုတ်လ ၁၄ ရက်နေ့မှစတင်ကာ သက်ဆိုင်ရာဌာနများမှ စစ်ဆေးလျက်ရှိကြောင်း တောင်ကုတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက DMG သို့ ပြောသည်။

“တောင်ကုတ်မှာ မနေ့ကစပြီးစစ်ဆေးခဲ့တယ်။ ဆေးဝါးတွေကတော့ ပြတ်လပ်မှုမရှိဘူး။ ဈေးတင်ရောင်းချမှု မရှိအောင်လဲ စီစဉ်ဆောင်ရွက်နေတယ်။ ဈေးတင်ရောင်းမှုရှိရင်လဲ သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းကာ အရေးယူဆောင်ရွက်ဖို့စီစဉ်ထားတယ်” ဟု ၎င်းကပြောသည်။

တောင်ကုတ်မြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လအတွင်းက ပါရာစီတာမော့ဆေးတစ်ကဒ်ကို ဈေးနှုန်း ၃၀၀၀ ကျပ် အထိမြင့်တက်ခဲ့ပြီး ဆေးခန်းများပိတ်ထားသည့်အတွက်လည်း ဒေသခံများမှာ ကျန်းမာရေးကိစ္စအတွက် အခက်အခဲဖြစ်ရကြောင်း ပြောဆိုကြသည်။

လက်ရှိမှာ ဆေးဆိုင်များကို စစ်ဆေးမှုများဆောင်ရွက်နေသော်လည်း သံတွဲမြို့နယ်အတွင်းတွင် ဆေးဝါး ပြတ်လပ်မှုအချို့နှင့် ဆေးဆိုင်အချို့တွင် ဆေးများ ဈေးတင်ရောင်းချမှုများရှိနေကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ကျန်ခဲ့တဲ့လက ဒီမှာလဲစစ်ဆေးခဲ့တယ်။ ဒါပေမဲ့ ဆေးတွေကပြတ်လပ်တာတွေရှိတယ်။ ဈေးတင် ရောင်းတာတွေရှိတယ်။ အဓိက ပါရာစီတာမော့၊ စီဗစ် ဒါတွေကပြတ်လပ်တယ်။ ရှိတော့လဲ အရင်က ဈေးတွေထက် ၂ ဆလောက် မြှင့်တင်ရောင်းချတာတွေ့ရတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်အတွင်း ဈေးရောင်းဈေးဝယ်ပြုရာ၌ အခြေခံစားသောက်ကုန် ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်မရောင်းချခြင်းမပြုကြရန် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သြဂုတ်လ ၇ ရက်နေ့တွင် အသိပေးတိုက်တွန်းထားသည်။

လက်ရှိတွင် ပြည်မဘက်မှ ဆေးဝါးများကိုဝယ်ယူရာ၌ ဈေးမြင့်တက်မှုများရှိခြင်းကြောင့် ရခိုင်မှဆေးဆိုင် များတွင်လည်း ဆေးများဈေးအနည်းငယ်မြှင့်တင်ရောင်းချနေရခြင်းဖြစ်ကြောင်း မာန်အောင်မြို့နယ်မှ ဆေးဆိုင်ရောင်းချနေသည့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ဆေးက ဟိုကဈေးတက်နေတာ၊ ဒီကဈေးတင်ရောင်းနေတာမဟုတ်ဘူး။ ပြည်မက ဈေးတင်ရောင်းရင် ကျနော်တို့ဖက်ကလဲ ဈေးတင်ရောင်းရတယ်။ ပြီးတော့ ဆေးတွေမှာယူတဲ့အခါမှာလဲ ကျနော်တို့တွေ တော်တော် အခက်အခဲဖြစ်တယ်။ သီးသန့် ဈေးတင်ရောင်းနေတာတော့ မဟုတ်ဘူး”ဟု ၎င်းကပြောသည်။

လူအသုံးများသောဆေးဝါးများဖြစ်သည့် ဗီတာမင် C ၊ ဗီတာမင် D၊ Paracetamo(ပါရာစီတာမော့)၊ Biogesic ၊ Enervon-C စသည့်တို့မှာ ပြည်မဖက်မှတင်သွင်းမှုနည်းနေသဖြင့် လိုသလောက်မှာယူ၍မရနိုင်ဘဲ မြို့နယ် အလိုက် ခွဲတမ်းဖြင့်သာရောင်းချနေရကြောင်း ဧကရာဇ်အားမာန်ဆေးကုမ္ပဏီမှ Admin Manager ကိုထွန်းမင်းဦးက မကြာသေးမီရက်ပိုင်းက DMG သို့ ပြောဆိုထားသည်။

လက်ရှိကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်တွင် ဆေးဝါးပစ္စည်းများနှင့် ကုန်ပစ္စည်းများပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်းတက်ခြင်းများကိုဖြေလျှော့နိုင်ရန် ကုန်တင်ကားများအား စစ်ဆေးမှုများကိုဖြေလျှော့ပေးရန်အတွက် အစိုးရအဖွဲ့သို့တင်ပြထားကြောင်းလည်း ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းများအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောဆိုထားသည်။

ဗီဒီယိုများ