ကျောက်တော်က မီးရှို့ခံရသည့် ကျေးရွာနှစ်ရွာတွင် နေအိမ် ၁၆၀ ကျော် မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့တွင် မီးရှို့ခံရမှုကြောင့် နေအိမ်စုစုပေါင်း (၁၆၆)ဆောင် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

By နှင်းနွယ် 05 Sep 2020

ဘုရားပေါင်းကျေးရွာ မီးရှို့ခံရမှုကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း နှစ်သောင်းတစ်ထောင်ကျော် ရှိခဲ့သည်။ (ဓာတ်ပုံ - Aung Myint Thein's facebook)

နှင်းနွယ် | DMG
စက်တင်ဘာ ၅ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့တွင် မီးရှို့ခံရမှုကြောင့် နေအိမ်စုစုပေါင်း (၁၆၆)ဆောင် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်က အင်အား ၁၀၀ ကျော်ခန့်ရှိသည့် တပ်မတော် စစ်ကြောင်းတစ်ခုသည် ဘုရားပေါင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ရွာသားများအား ဖမ်းဆီးထားပြီး နောက် ညဉ့် ၉ နာရီခွဲအချိန်ကစတင်ကာ အဆိုပါကျေးရွာနှစ်ရွာအား မီးရှို့ခဲ့ကြောင်း ထွက်ပြေးလာသည့် ရွာသားများက ပြောသည်။

ဘုရားပေါင်းကျေးရွာတွင် အိမ်ခြေ ၂၄၀ ရှိပြီး မီးရှို့ခံရမှုကြောင့် နေအိမ် ၉၂ ဆောင်မီးလောင်ပျက်စီးသွားခဲ့ကာ ယင်းအထဲတွင် တိုက်အိမ် ၄ လုံး၊ ပျဉ်စီသွပ်မိုးအိမ် ၅၂ ဆောင်နှင့် သွပ်မိုးဝါးအိမ် ၃၆ ဆောင်ပါဝင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မီးလောင်ပျက်စီးမှုများထဲတွင် နေအိမ် ၉၂ ဆောင်အပါအဝင် ရွှေ၊ငွေနှင့် ပစ္စည်းများပါ ပါဝင်သွားခဲ့ပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ သိန်းပေါင်းနှစ်သောင်းတစ်ထောင်ကျော်အထိရှိကြောင်း ဘုရားပေါင်းကျေးရွာစာရေး ကိုမောင်ကြည်ဝင်းက DMG သို့ ပြောသည်။

“မီးထဲပါသွားတာက အိမ်တစ်ခုတည်း မဟုတ်ဘူး။ အိမ်မှာရှိတဲ့ကားတွေ၊ ထွေလာဂျီတွေ၊ ဆိုင်ကယ်တွေ၊ ဆန်စက်တွေ၊ အတွင်းပစ္စည်း ရွှေ၊ ငွေတွေ အကုန်မီးထဲပါသွားတာ။ ဘာတစ်ခုမှယူချိန်မရလိုက်ဘူး။ အသက်ကို တောင်မနည်းလုပြေးလာရတာ။ ဒါကြောင့် မီးထဲပါသွားတဲ့ ဆုံးရှုံးမှုတန်ဖိုးက အရမ်းများတယ်’’ ဟု ၎င်းက ပြောသည်။

အလားတူမီးရှို့ခံရသည့် တောင်ပေါက်ကျေးရွာမှာလည်း အိမ်ခြေ ၂၀၂ ဆောင်ရှိသည့်အနက် မီးလောင်ရာ၌ နေအိမ် ၇၄ ဆောင်ပါသွားခဲ့ပြီး သွပ်မိုးဝါးအိမ် ၁၃ ဆောင်နှင့် ပျဉ်ထောင်အိမ် ၆၁ တို့ဖြစ်ကြောင်း သိရသည်။ ယင်းကျေးရွာမှမီးလောင်ပျက်စီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မသိရသေးပေ။

ကျေးရွာတာဝန်ရှိသူများက မီးလောင်ရာ၌ပါသွားသည့် နေအိမ်များ၏စာရင်းကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ စက်တင်ဘာလ (၄)ရက်နေ့က သွားရောက်တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ DMG က ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် CRRD(Center for Real Result and Develpoment)အဖွဲ့နှင့်ပူးပေါင်းကာ ယင်းကျေးရွာမှ ဒေသခံများ အတွက် လိုအပ်သည်များကိုထောက်ပံ့ပေးရန် စီစဉ်နေကြောင်းပြောသည်။

“လောလောဆယ်တော့ သူတို့ရှိတဲ့ နေရာတွေကိုသွားပြီး လိုအပ်ချက်တွေကို လိုက်ကြည့်နေတယ်။ ကျန်းမာရေး ဌာနကလည်း ခြင်ထောင်တွေ အကူအညီတောင်းခံထားတယ်။ နောက်ပြီးတော့ သူတို့တွေအတွက် ဆန်အိတ် ၁၅၀ ကျော်လည်း ဝယ်ထားတယ်။ လူဦးရေစာရင်းကောက်ပြီးရင် သွားပေးဖို့စီစဉ်ထားတယ်’’ဟု ဦးဦးထွန်းဝင်းက ဆိုသည်။

လက်ရှိတွင် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာသားများမှာ ရွာတစ်ဖက်ကမ်းရှိ သဝင်ကိုင်း၊ ကျောက်တန်း၊ သစ်အောင်၊ ရွှေလှိုင်ရွာနှင့် သရက်အုတ်ကျေးရွာတို့တွင် အသီးသီးခိုလှုံလျက်ရှိနေသည်။

အဆိုပါ ကျေးရွာနှစ်ရွာအား မီးရှို့ခဲ့သည်မှာ တပ်မတော်သားများဖြစ်ကြောင်း ကျေးရွာသားများကပြောဆို သော်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်မှ ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း စက်တင်ဘာလ ၄ ရက်နေ့ကသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဗီဒီယိုများ