ကျောက်တော် လေကြောင်းပစ်ခတ်မှု အရပ်သား ၂ ဦးသေ ၅ ဦးဒဏ်ရာရ 

ဧပြီ ၄ ရက် ညနေ ၃ နာရီခန့်တွင် ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ၄ ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

By Admin 05 Apr 2024

ကျောက်တော် လေကြောင်းပစ်ခတ်မှု အရပ်သား ၂ ဦးသေ ၅ ဦးဒဏ်ရာရ 

DMG ၊ ဧပြီ ၅

ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုဖြစ်စဉ်အတွင်း အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဧပြီ ၄ ရက် ညနေ ၃ နာရီခန့်တွင် ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ၄ ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

သေဆုံးသူမှာ အသက် (၁၄)နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် (၄၀)အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် (၁၆)နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး၊ အသက် (၆၀)အရွယ် အမျိုးသားတစ်ဦး၊ အသက် (၄၀)အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြသည်။ 

“သေသွားတဲ့ကောင်လေးက ပထမတစ်ကြိမ် ဗုံးကြဲတုန်းက မထိသေးဘူး။ ဒုတိယတစ်ကြိမ်မှာ သူကဆိုင်ကယ်နဲ့ သွားနေချိန်မှာ ထိသွားတာ။ ခြေထောက်နဲ့ရင်ဘက်တွေမှာ ထိသွားတာ။ ဆိုင်ကယ်ကိုရပ်၊ မြေပေါ်မှာလဲချလိုက်ပြီး ခဏအကြာမှာဆုံးသွားတာ” ဟု မျက်မြင်ကြုံတွေခဲ့ရသည့် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သားများထိခိုက်သေဆုံးသွားသဖြင့် ဗုံးကြဲခံရသောနေရာမှ ဒေသခံများမှာ စိုးရိမ်ထိတ်လန့်၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။ 

ရခိုင်ဒေသတွင် စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် အရပ်သားများနေထိုင်ရာ မြို့ရွာရပ်ကွက်များကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရသူဦးရေမှာ တစ်နေ့တစ်ထက်နေ့ တိုးလာနေသည်။

DMG က ကောက်ယူထားသောစာရင်းအရ ရခိုင်တွင် မတ်လအတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၅၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၂ ဦးထိရှိသည်။ (မြေပြင်အခြေအနေတွင် ယခုထက်ပိုများနိုင်သည်။)

“စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ အပြစ်မရှိတဲ့ ပြည်သူတွေကို ရည်ရွယ်ရှိရှိတိုက်ခိုက်နေလို့ ကျနော်တို့ ပြည်သူတွေ တော်တော်ဒုက္ခရောက်ကြရတယ်။ သေဆုံးတာတွေလည်း နေ့တိုင်းလိုလို တွေ့ရတယ်။ ဘယ်အချိန်လာပစ်မလဲဆိုပြီးတော့ ကြောက်လန့်စိတ်တွေနဲ့ နေနေရတယ်” ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများမှာ လေးလကျော်ထိကြာမြင့်လာပြီး ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်အပါအဝင် မောင်တော၊ ဘူးသီးတောင်၊ မြေပုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကြီး(၅)ခုကို AA က စစ်အရှိန်မြှင့်ကာ ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။ 

ဗီဒီယိုများ