ကျောက်တော်ရှိ စစ်ကောင်စီဌာနချုပ်ကို AA ထိုးစစ်ဆင်နေ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှူးဌာနချူပ် စကခ(၉) ကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ ဇန်နဝါရီ ၁၇ ရက်၊ နံနက်(၆) နာရီခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ 

By Admin 17 Jan 2024

ကျောက်တော်ရှိ စစ်ကောင်စီဌာနချုပ်ကို AA ထိုးစစ်ဆင်နေ

စစ်ကောင်စီကလည်း လက်နက်ကြီး/ငယ်များဖြင့် ခုခံတိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“ဒီနေ့မနက်ပိုင်းက စကခ(၉)ကို AA က တိုက်ခိုက်နေတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်နေတယ်။ အခုလည်း ပစ်နေတုန်းပဲ” ဟု သူက ပြောသည်။ 

စကခ(၉)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၀၀ ခန့်ရှိပြီး ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားနှင့် ကျောက်တော်မြို့ အကြားတွင် အခြေချထားသည့် ဌာနချုပ်ဖြစ်သည်။ 

စစ်တွေ - ရန်ကုန်ကားလမ်းရှိ ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အခြေစိုက် ခမရ(၅၃၉) တပ်ရင်းကို AA က ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ခန့် လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။ 

“အဲဒီတပ်ရင်းကို AA က သိမ်းပိုက်လိုက်တဲ့အတွက် ကျောက်တော်ရဲစခန်းက စစ်ကောင်စီတပ်သားတွေ မနေ့ကတည်းက စကခ(၉) သို့ ပြောင်းသွားကြပြီ။ အခုက မြို့ထဲမှာ လူနည်းနည်းပဲကျန်တော့တယ်။ အကုန်လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြတယ်”ဟု ကျောက်တော်မြိုခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ဇန်နဝါရီ ၁၆ ရက် ထုတ်ပြန်ချက်တွင် ရခိုင်ဒေသအတွင်း AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည့် နယ်မြေများထဲမှ စစ်ကောင်စီစခန်းအချို့ကို ယခုရက်ပိုင်းအတွင်း သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြသည်။ 

သို့သော် မည်သည့်တပ်စခန်းများအား သိမ်းပိုက်ရရှိခဲ့သည်ကို ဖော်ပြထားခြင်း မရှိပေ။ 

ဇန်နဝါရီလ ၁၄ ရက်ကလည်း  ကျောက်တော်မြို့နယ်ရှိ အမြောက်တပ်စခန်း အမတ (၃၇၇)ကို AA က အပြီးသတ် သိမ်းပိုက်နိုင်သည်။

တကျော့ပြန်ရခိုင်တိုက်ပွဲ စတင်ချိန်မှစ၍ စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်လတာအတွင်း ရခိုင်နှင့် ပလက်ဝတွင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၆၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်။

ဗီဒီယိုများ