စစ်ဘေးဒုက္ခသည်များကိုကူညီရန် စစ်ရေးပဋိပက္ခဖြစ်ပွားရာဒေသများသို့ သွားလာရခက်ခဲနေ

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် တိုက်ပွဲပြင်းထန်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များကိုကူညီရန် သွားလာခွင့်အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

By DMG 27 Jan 2022

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးသီတင်းပတ်တွင် ကရင်ပြည်နယ် မြဝတီမြို့ လေးကေ့ကော်မြို့သစ်သို့ အိုင်စီအာရ်စီအဖွဲ့မှ လူသားချင်းစာနာမှုအကူအညီများ သွားရောက်ပို့ဆောင်စဉ်။ (ဓာတ်ပုံ - ICRC Myanmar)

DMG ၊ ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် တိုက်ပွဲပြင်းထန်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များကိုကူညီရန် သွားလာခွင့်အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါဒေသများတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာပြီး လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုများလည်းရှိကာ အရပ်သားပိုင်ပစ္စည်းများပျက်စီးဆုံးရှုံးရမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုများရှိနေသည်ဟု ကုလသမ္မဂမှ ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့အထိ ကုလသမ္မဂမှရရှိထားသည့် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းတို့တွင် လူဦးရေ ၁၆၇,၈၀၀ ခန့်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်းဆိုသည်။

အလားတူ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတို့တွင်လည်း တိုက်ပွဲကြောင့် လူဦးရေ ၂၁၇,၉၀၀ ခန့်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

စစ်ဘေးရှောင်ကူညီရေးဆောင်ရွက်နေသူများအနေဖြင့် ကူညီရေးသွားရောက်ရာတွင် ကားလမ်းမတစ်လျှောက်ရှိ စစ်ကောင်စီတပ်များ၏ စစ်ဆေးရေးဂိတ်များမှစစ်ဆေးကာ ကယ်ဆယ်ရေးပစ္စည်းများ သိမ်းဆည်းခံရမှုရှိသဖြင့် သွားလာရအခက်အခဲရှိကြောင်း ပြောဆိုကြသည်။

ကယား(ကရင်နီ)ပြည်နယ်မှ စစ်ဘေးရှောင်များအတွက် ကူညီရေးပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် ပစ္စည်းများသိမ်းဆည်းခံရမှုအပြင် စစ်ဘေးရှောင်ကူညီရေးဆောင်ရွက်နေသူများကိုလည်း ဖမ်းဆီးမှုများရှိကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီဆောင်ရွက်ရေးကွန်ယက်မှ တာဝန်ရှိသူတစ်ဦးမှ DMG ကိုပြောသည်။

"စစ်ဘေးရှောင်တွေဆီ အထောက်အပံ့ပစ္စည်းတွေပို့ဆောင်ပေးတဲ့အခါမှာ စစ်ကောင်စီတပ်တွေက စစ်ဆေးတာတွေရှိတယ်။ ဆေးဝါးတွေဘာတွေဆိုလည်း တွေ့ရင်သိမ်းဆည်းတယ်။ ကူညီပေးတဲ့ညီငယ်တွေကိုလည်း ဖမ်းသွားတာတွေရှိတယ်။ ငါးယောက်လောက်ရှိတယ်။ သူတို့ကို ဒီးမော့ဆိုရဲစခန်းမှာ ဖမ်းဆီးထားတယ်"ဟု ၎င်းကဆိုသည်။

ထိုသို့သောအကြောင်းများကြောင့် နောက်ထပ်ကူညီရေးဆောင်ရွက်ရာတွင် အခက်အခဲများနှင့်ရင်ဆိုင်ရကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။

ရှမ်းပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်နေရသည့် ကရင်နီစစ်ဘေးရှောင်များကို ကူညီရာတွင်လည်း ဒေသခံပရဟိတအသင်းများနှင့်ချိတ်ဆက်၍သာ ကူညီပေးနေရကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီဆောင်ရွက်ရေးကွန်ယက်မှ သိရသည်။

စစ်ဘေးရှောင်များကျန်းမာရေးအတွက် စစ်ဘေးကင်းလွတ်ရာနေရာများတွင် တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းအဖွဲ့များမှ ဆေးခန်းဖွင့်လှစ်ကာ ကုသပေးနေပြီး ဆေးဝါးအကူအညီများစွာ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကိုကုသပေးနေသည့် အမည်မဖော်လိုသောဆရာဝန်တစ်ဦးက ပြောသည်။

"စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်တဲ့အခါကျတော့ အရင်ဆေးရုံတွေ ဒေသန္တရကျန်းမာရေးဆေးပေးခန်းတွေကို ပိတ်လိုက်ရတာရှိတယ်။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်ရှိတဲ့ နယ်မြေတွေမှာပဲ ရှိတဲ့ဆရာဝန်တွေ၊သူနာပြုတွေနဲ့ ဆေးရုံတွေဖွင့်လှစ်ပြီး စစ်ဘေးရှောင်တွေကို ကုသပေးနေရတယ်။ ဆေးဝါးတွေကော ကျန်းမာရေးဝန်ထမ်းအင်အားတွေ များစွာလိုအပ်တယ်ပေါ့နော်။ စစ်ဘေးရှောင်တဲ့အရေအတွက်က အရမ်းများနေတာလည်းပါတယ်"ဟု ၎င်းဆရာဝန်ကဆိုသည်။

မကြာသေးမီကလည်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီ၊ လခြမ်းနီကော်မတီ(ICRC)မှ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ သောင်းနှင့်ချီသောစစ်ဘေးဒုက္ခသည်များအတွက် ပထမဆုံးအကြိမ်အဖြစ် အကူအညီများသွားရောက်ပေးအပ်ခဲ့သည်။

"ဒီတကြိမ်မှာ ကူညီမပေးနိုင်ခဲ့တဲ့မိသားစုတွေအတွက် နောက်ထပ်အထောက်အပံ့တွေနဲ့အတူ ထပ်မံသွားရောက်ချင်ပါတယ်”ဟု အိုင်စီအာရ်စီအဖွဲ့ကို ဦးဆောင်ခဲ့သည့် Maxime Zabaloueff က ပြောဆိုထားသည်။

လက်ရှိ ကယားပြည်နယ် လွိုင်ကော်နှင့် ရှားတောမြို့နယ်တို့တွင် သွားလာခွင့်အခက်အခဲရှိနေပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်လည်း လူသားချင်းစာနာမှုလုပ်ငန်းများဆောင်ရွက်ပေးရန် စစ်ဘေးရှောင်ကူညီရေးဆောင်ရွက်နေသူများမှ တောင်းဆိုကြသည်။

ဗီဒီယိုများ