မြောက်ဦးက စစ်ဘေးရှောင်များအတွက် ရိက္ခာထောက်ပံ့သည့် အစီအစဉ်ကို ICRC မှ WFP သို့ လွှဲပြောင်း

မြောက်ဦးမြို့နယ်အတွင်းက စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးသည့် အစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)သို့ လွှဲပြောင်းလိုက်သည်။  

By Admin 25 Jan 2023

မြောက်ဦးက စစ်ဘေးရှောင်များအတွက် ရိက္ခာထောက်ပံ့သည့် အစီအစဉ်ကို ICRC မှ WFP သို့ လွှဲပြောင်း

မြောက်ဦးမြို့နယ်အတွင်းက စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း။

DMG ၊ ဇန်နဝါရီလ ၂၅

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်းက စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးသည့် အစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)သို့ လွှဲပြောင်းလိုက်ကြောင်း သိရသည်။  

ICRC အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အားစိုက်လုပ်ကိုင်သွားမည်ဖြစ်၍ လာမည့်ဖေဖော်ဝါရီလမှ စတင်ကာ မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ရိက္ခာကို WFP က တာဝန်ယူထောက်ပံ့ပေးရန် လွဲပြောင်းလိုက်ခြင်းဖြစ်သည်ဟု ICRC နှင့် နီးစပ်သူတစ်ဦးက DMG ပြောသည်။

“ICRC အနေနဲ့ မြို့နယ်နဲ့လိုက်ပြီး လွှဲပြောင်းပေးတာတွေ ရှိပါတယ်။ မြောက်ဦးမြို့နယ်တစ်ခုလုံးက စစ်ဘေးရှောင်စခန်းတွေအတွက် အစားအသောက်ပေးတာတွေအားလုံး WFP ကို လွှဲပြောင်းပေးထားပါတယ်။ ICRC အနေနဲ့တော့ စစ်ဘေးရှောင်စခန်းမဟုတ်ဘဲ ကျေးရွာတွေကိုပဲ အဓိက ဦးစားပေးသွားမယ့် အခြေအနေရှိပါတယ်”ဟု ၎င်းကဆိုသည်။

ICRC မှ စစ်ဘေးရှောင် အိမ်ထောင်စုတစ်စုကို တစ်လလျှင် ဆန်တစ်အိတ်၊ ပဲ(ကီလို ၂၀)၊ ဆီ(၆)လီတာ၊ ဆားတစ်ပိဿာ၊ ငါးစည်သွပ်ဗူး၊ အမျိုးသမီး အသုံးအဆောင်ပစ္စည်း စသည်တို့ကို ပုံမှန်ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

“ICRC က ကျနော်တို့ကိုပေးထားတဲ့ ကဒ်တွေလည်း အကုန်လုံးယူသွားတယ်။ ကျနော်တို့အနေနဲ့ စိုးရိမ်တာကတော့ WFP နဲ့က ကျနော်တို့နဲ့ တစ်ခါမှ အဆက်အသွယ်မရှိသေးဘူး။ ကျနော်တို့ကို WFP ကလာပြီး ဆက်သွယ်တာလည်း မရှိသေးဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ စိုးရိမ်တာတွေ ရှိပါတယ်” ဟု တိမ်ညိုစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးကျော်တင်ကပြောသည်။

လက်ရှိ မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်များအတွက် ရိက္ခာထောက်ပံ့မည့်အစီအစဉ်ကို လွှဲပြောင်းပေးထားသည့် ကိစ္စနှင့်ပတ်သက်၍ WFP ကို ဆက်သွယ်နေဆဲဖြစ်သည်။

မြောက်ဦးမြို့နယ်အတွင်းတွင် လက်ကောက်ဈေး၊ မြို့ဦးခေါင်း၊ ရွှေထီးဆောင်း၊ ထမ္မရာဇ်၊ ဘုရားပေါ်၊ တိမ်ညို၊ ကုးလားချောင်း၊ ပီပင်ရင်း စသည့် စစ်ဘေးရှောင်စခန်း (၂၈)ခုရှိပြီး အဆိုပါစခန်းများမှ စစ်ဘေးရှောင်များမှာ ICRC မှ ထောက်ပံ့ပေးမှုနှင့် ရပ်တည်နေကြခြင်းဖြစ်သည်။

စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာနှင့်ပတ်သက်၍ အခက်အခဲဖြစ်မည်ကို စိုးရိမ်နေကြသည်ဟု မြောက်ဦးမြို့ပေါ်ရှိ မြို့သစ်စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးစံရွှေသာကပြောသည်။

“ICRC ကတော့ နှစ်လပိုင်းမှာ WFP က ဝင်လာမယ်လို့ပြောတယ်။ ကျနော်တို့အနေနဲ့ ကြားရတာကတော့ နှစ်လပိုင်းမှာ မထောက်ပံ့တော့ဘူး။ သုံးလပိုင်းမှာ ထောက်ပံ့မယ်လို့တော့ ကြားထားတယ်။ ဒါက တကယ်ဆိုရင် ကျနော်တို့အနေနဲ့ ဒီလောက် ငွေရေးကြေးရေးခက်ခဲနေချိန်မှာ ရိက္ခာပြတ်တောက်နေမယ်ဆိုရင် သိပ်အခက်အခဲရှိတယ်”ဟု ဦးစံရွှေသာကဆိုသည်။

မြောက်ဉီးမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များမှာ အစောပိုင်း တိုက်ပွဲကာလများမှစတင်ကာ နေရပ်စွန့်ခွာလာကြခြင်းဖြစ်ပြီး စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသည်မှာ (၄)နှစ်ကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။

#I002 

ဗီဒီယိုများ