အရပ်သားများကို ပစ်မှတ်မထားကြရန် ICRC တောင်းဆို 

ရခိုင်တွင် တိုက်ပွဲပြန်စဖြစ်သည့်နေ့မှာပင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုတို့ကြောင့် ဒေသခံ ၄ ဦးခန့်သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ 

By Admin 14 Nov 2023

နိုဝင်ဘာလ ၁၃ ရက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ သေဆုံးသွားသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနေ အမျိုးသမီးတစ်ဦး။ ဓာတ်ပုံ - CJ 
နိုဝင်ဘာလ ၁၃ ရက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ သေဆုံးသွားသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနေ အမျိုးသမီးတစ်ဦး။ ဓာတ်ပုံ - CJ 

DMG ၊ နိုဝင်ဘာ ၁၄ 

တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေကြသော လက်နက်ကိုင်အဖွဲ့များအနေဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်မထားကြရန်အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က တောင်းဆိုလိုက်သည်။ 

လက်နက်ကိုင်ပဋိပက္ခများသည် ရပ်ရွာလူထုများအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုများရှိပြီး အရပ်သားများ၏ ဘေးကင်းလုံခြုံရေးနှင့် အသက်ရှင်သန်နေထိုင်မှုအပေါ် အန္တရာယ်ကျရောက်စေကြောင်း ICRC ၏ နိုဝင်ဘာလ ၁၃ ရက်နေ့ “အရပ်သားများက ပစ်မှတ်မဟုတ်ပါ”ထုတ်ပြန်ချက်က ဆိုသည်။ 

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်မှစတင်ပြီး တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။ 

တိုက်ပွဲစဖြစ်သည့်နေမှာပင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှု တို့ကြောင့် ဒေသခံ ၄ ဦးခန့်သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ နှစ်ဖက်တိုက်ပွဲကြားမှာ အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေသော စစ်ကောင်စီ၏လုပ်ရပ်ကို ရှုတ်ချကြောင်း ဒေသခံများက ပြောကြသည်။ 

“ကြွက်မနိုင် ကျီမီးရှို့တဲ့ သဘောဖြစ်နေပြီ။ သူတို့(စစ်ကောင်စီ)ရဲ့လုပ်ရပ်က အဆင့်အတန်းမရှိတဲ့ လုပ်ရပ်လို့ပဲ ပြောချင်တယ်” ဟု မြောက်ဦးမြို့ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ 

လက်နက်ကိုင်အဖွဲ့များသည် အရပ်သားများ၊ ကျန်းမာရေးလုပ်သားများ၊ ဒဏ်ရာရရှိထားသူများ၊ လက်နက်ချအညံ့ခံသူများ၊ အကျဉ်းသားများ အစရှိသည့် အကာအကွယ်ပေးရမည့်သူများနှင့် စစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေသူများကြား ရှင်းရှင်းလင်းလင်း ခွဲခြားမှုပြုလုပ်ရန် အလွန်အရေးကြီးကြောင်း ICRC က ပြောသည်။ 

ညီနောင်မဟာမိတ် (၃) ဖွဲ့ ဦးဆောင်သော ၁၀၂၇ စစ်ဆင်ရေးကို တစ်နိုင်ငံလုံးအနှံ့ဆင်နွှဲသွားမည်ဟု ပြောဆိုထားသဖြင့် ရခိုင်တွင်လည်း တိုက်ပွဲနယ်မြေကျယ်ပြန့်လာနိုင်ကြောင်း စစ်ရေးနိုင်ငံရေးအကဲခတ်တို့က သုံးသပ်ထားကြသည်။

“တိုက်ပွဲရပ်ဖို့ဆိုတာက သိမ်မသေချာတော့ဘူး။ ဆက်ပြီး တိုက်ပွဲဖြစ်နေအုံးမှာ။ စစ်မျက်နှာဖွင့်လာသရွေ့ စစ်ကောင်စီဘက်ကလည်း နယ်မြေထိန်းချုပ်ဖို့ တပ်အင်အား အခက်အခဲရှိလာနိုင်တယ်။ အဲဒီအချိန်ရောက်ရင် ပြည်သူတွေကို ဒီထက်ပိုပြီးတော့ ပစ်မှတ်ထားလာနိုင်တယ်” ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။ 

ရခိုင်တွင် တိုက်ပွဲစတင်ဖြစ်ပွားလာသည့် နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် တို့ကြား တိုက်ပွဲ ၅ နေရာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၏ အလောင်းများနှင့် စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ညီနောင်(၃)ဖွဲ့က ထုတ်ပြန်ထားသည်။ 

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်တို့မှ ဒေသခံနှစ်ထောင်ကျော်မှာ အသက်အန္တရာယ် ထိခိုက်မှုမည်ကို စိုးရိမ်၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြသည်။ 

တိုက်ပွဲဖြစ်ပွားနေသော လက်နက်အဖွဲ့များအနေဖြင့် အရပ်သားပြည်သူများအပေါ် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်အောင် ထိန်းသိမ်းလုပ်ဆောင်ကြရန်အတွက် ဒေသခံများက တောင်းဆိုထားကြသည်။ 

“နှစ်ဖက်တိုက်ပွဲဖြစ်ရင်လည်း တိုက်ပွဲဖြစ်ကြပါ။ ပြည်သူတွေကိုတော့ မထိခိုက်စေချင်ဘူး။ အပြစ်မဲ့တဲ့ ကျနော်တို့အရပ်သားတွေကို မထိခိုက်အောင် တိုက်ခိုက်ကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု  မင်းပြားမြို့နယ်၊ ဖေသာပြင်(ရွာဟောင်း)ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ ဓလေ့ထုံးတမ်းဥပဒေတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေးအဆောက်အအုံများ၊ ရပ်ရွာများကို အကာကွယ်ပေးရန်၊ စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများကို ဖမ်းဆီးခြင်းမပြုရန်နှင့် အရပ်သားများကို ဘေးကင်းလုံခြုံခွင့် ပေးသင့်ကြောင်း ပြဌာန်းထားသည်။ 

#D003 #DMG

ဗီဒီယိုများ