ရခိုင်က စစ်ဘေးရှောင်များကို စားနပ်ရိက္ခာပြန်လည်ထောက်ပံ့မည်ဟု စစ်ကောင်စီပြော

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဧပြီလမှစပြီး စားနပ်ရိက္ခာများ ပြန်လည်ထောက်ပံ့ပေးသွားမည်ဟု ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကပြောသည်။

04 Apr 2022

DMG ၊ ဧပြီ ၅

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဧပြီလမှစပြီး စားနပ်ရိက္ခာများ ပြန်လည်ထောက်ပံ့ပေးသွားမည်ဟု ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကပြောသည်။

မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံနှင့် ရသေ့တောင်မြို့နယ်တို့ရှိ စစ်ကောင်စီအသိအမှတ်ပြု စစ်ဘေးရှောင်စခန်းများကို ပြီးခဲ့သည့်နှစ်လခန့်က စစ်ကောင်စီလက်အောက်ရှိ လူကယ်ပြန်ဌာနမှ စားနပ်ရိက္ခာထောက်ပံ့မှုများ ရပ်တန့်ထားခဲ့သည်။

ထိုသို့ရပ်နားခြင်းမှာ ဘတ်ဂျတ်အခြေအနေကြောင့်ဖြစ်ပြီး ယခုဧပြီလမှစတင်ကာ စားနပ်ရိက္ခာပြန်လည်ထောက်ပံ့သွားမည်ဟု ဦးလှသိန်းကပြောသည်။

“စစ်ဘေးရှောင်တွေကို အစိုးရ(စစ်ကောင်စီ)က စားနပ်ရိက္ခာမထောက်ပံ့ပေးတာမဟုတ်ဘူး။ ဘတ်ဂျတ်က မတ်လအထိပဲရှိတဲ့အတွက် ခဏရပ်နားထားတာ။ ဒီလကစပြီးတော့ ပြန်လည်ထောက်ပံ့သွားမယ်။  နည်းနည်းနောက်ကျသွားတာပဲရှိတယ်။ ဘာမှမရပ်ဘူး၊ ဒီတစ်ခါတော့ ဘတ်ဂျတ်ကုန်သွားတဲ့အတွက် နည်းနည်းနောက်ကျတာပဲရှိတယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီ၏ ဆန်အထောက်အပံ့မရရှိသည့်မှာ နှစ်လခန့်ကြာမြင့်နေပြီဖစ်၍ စားရေးသောက်ရေးများအခက်အခဲရှိနေကြောင်း မြောက်ဦးမြို့၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဦးညိုသာဦးက DMG သို့ပြောသည်။

“ဆန်ကမရတော့ စားရေးသောက်ရေးက လုံးဝအဆင်မပြေဘူး။ အခုလို ပြန်လည်ထောက်ပံ့မယ်ဆိုတော့ ကောင်းတာပေါ့။ အခုက ဆန်မရတော့ စားဝတ်နေရေးတွေအခက်အခဲတွေရှိနေတယ်။ ချေးငှားပြီးတော့ စားသောက်နေရတယ်။ အခြားအဖွဲ့အစည်းတွေကတော့ တစ်ခါတစ်လေ လာရောက်ထောက်ပံ့တာရှိတယ်။ ဒါပေမဲ့ မလုံလောက်ဘူး”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် ပြည်သူအမြောက်အများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လက်ရှိတိုက်ပွဲရပ်တန့်နေသော်လည်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ခြောက်သောင်းကျော်ခန့် ကျန်ရှိနေသေးသည်။

ဗီဒီယိုများ