စစ်တွေ-ပလ္လင်ပြင်လမ်းနယ်နမိတ်ရှိ ကျေးရွာငါးရွာမှကျူးကျော်များကို ဖယ်ရှားမည်ဟု ပြည်နယ်စစ်ကောင်စီပြော

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘုမေကျေးရွာအုပ်စုမှ စစ်တွေ-ပလ္လင်ပြင်လမ်းကို ပေ ၁၀၀ အကျယ် လမ်းခင်းပြုပြင်မည်ဖြစ်သဖြင့် လမ်းနယ်နမိတ်နှင့်မလွတ်ကင်းသည့် ကျေးရွာငါးရွာမှ နေအိမ်နှင့် ဈေးဆိုင်ခန်းများကို ဖယ်ရှားခိုင်းမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

28 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘုမေကျေးရွာအုပ်စုမှ စစ်တွေ-ပလ္လင်ပြင်လမ်းကို ပေ ၁၀၀ အကျယ် လမ်းခင်းပြုပြင်မည်ဖြစ်သဖြင့် လမ်းနယ်နမိတ်နှင့်မလွတ်ကင်းသည့် ကျေးရွာငါးရွာမှ နေအိမ်နှင့် ဈေးဆိုင်ခန်းများကို ဖယ်ရှားခိုင်းမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

အဆိုပါလမ်းတွင် လက်မချေ၊ ဂေါ်လော်ဒီ၊ ဒါးပိုင်၊ မှန်စီနှင့် သက္ကေပြင်ကျေးရွာများမှ နေအိမ်နှင့် ဈေးဆိုင်အချို့မှာ လမ်းနယ်နမိတ်ပေါ် ကျူးကျော်ဆောက်လုပ်ထားသဖြင့် ဖယ်ရှားခိုင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။  

“လမ်းချဲ့မယ့်ဧရိယာကို တိုင်တွေစိုက်ပြီးသတ်မှတ်ထားတယ်။ လမ်းနယ်နမိတ်နဲ့မလွတ်တဲ့ အိမ်နဲ့ဆိုင်တွေကို ဖယ်ခိုင်းဖို့ အဖွဲ့လည်းဖွဲ့ထားတယ်။ ဘယ်အချိန်မှာ လမ်းခင်းဖို့ အကောင်အထည်ဖော်မယ်ဆိုတာတော့ လတ်တလောအတိအကျမပြောနိုင်သေးဘူး”ဟု DMG သို့ပြောသည်။

စစ်တွေ-ပလ္လင်ပြင်လမ်းတွင် မွတ်ဆလင်အများစုနေထိုင်ကြပြီး လမ်းဧရိယာနယ်နမိတ်သတ်မှတ်ရာတွင် မလွတ်ကင်းသည့် ကျူးကျော်နေအိမ်နှင့်ဆိုင်ခန်းများကို ဖယ်ရှားခိုင်းရာ၌ လူမျိုးရေးပဋိပက္ခမဖြစ်စေရန် သတိထားကိုင်တွယ်ဆောင်ရွက်နေကြောင်း ပြည်နယ်စစ်ကောင်စီ၏ ပြောခွင့်ရသူကပြောသည်။

လမ်းဧရိယာ၏ တစ်ဘက်စီကို ပေ ၅၀ သတ်မှတ်ထားသဖြင့် လမ်းနယ်နမိတ်အတွင်းရောက်ရှိနေသော ဈေးဆိုင်ခန်းနှင့် လူနေအိမ်များမရှိစေရန် လမ်းတံတားဦးစီးဌာနမှညွှန်ကြားထားကြောင်း ဘုမေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစံမြကျော်ကပြောသည်။

“သူတို့က လမ်းတိုးချဲ့မှာလား၊ မချဲ့ဘူးလားတော့ ဘာမှမပြောသေးဘူး။ လောလောဆယ် လမ်းဧရိယာ သတ်မှတ်ထားတယ်ဆိုတာတော့သိရတယ်။ ကျွန်တော်တို့ကျေးရွာအုပ်စုထဲမှာတော့ လမ်းဧရိယာနဲ့မလွတ်တဲ့ ရွာငါးရွာပါတယ်”ဟု DMG သို့ ပြောသည်။

လမ်းဧရိယာသတ်မှတ်ရာတွင် မလွတ်ကင်းသည့် နေအိမ်နှင့် ဈေးဆိုင်ခန်း ၅၀၀ ကျော်နီးပါးရှိနိုင်ကြောင်းလည်း ဘုမေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစံမြင့်ကျော်ကပြောသည်။

အမည်မဖော်လိုသည့် ဘုမေကျေးရွာအုပ်စုမှဒေသခံတစ်ဦးက “နေအိမ်ရှေ့မှာ အဖီဆွဲဆိုင်ဖွင့်ပြီး ငှားစားနေသူတွေလည်းရှိကြတယ်။ လမ်းဧရိယာနဲ့မလွတ်တဲ့ဟာတွေ ဖယ်ပေးရတော့မယ်။ ဒီလောက်ကျယ်တဲ့လမ်းကို သူတို့ကခင်းပေးမှာလားဆိုတာတော့ ကျွန်တော်လည်းမသိရသေးဘူး”ဟု ပြောသည်။

လက်ရှိစစ်တွေ-ပလ္လင်ပြင်လမ်းမှာ ပျက်စီးနေပြီး လမ်းမှာလည်းကျဉ်းမြောင်းသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါလမ်းရှိ ကျူးကျော်နေအိမ်များနှင့်ဆိုင်ခန်းများကို မည်သည့်နေ့တွင် မည်ကဲ့သို့ဖယ်ရှားသွားမည်ကို တိတိကျကျမသိရသေးပေ။

ဗီဒီယိုများ