COVID-19 ကာလတွင် တက္ကသိုလ်ဆရာ၊မများ နေအိမ်မှ တာဝန်ထမ်းဆောင်သင့်ကြောင်း UTA ထုတ်ပြန်

COVID-19 ကာလအတွင်း အစိုးရဝန်ထမ်းများဖြစ်သည့် တက္ကသိုလ် ဆရာ/မများအနေဖြင့် မိမိနေအိမ်မှနေပြီး ဆက်လက်တာဝန်ထမ်းဆောင်သင့်ကြောင်း တက္ကသိုလ်ဆရာ၊ဆရာမအသင်းများအသင်း (ကိုယ်စားပြု ကော်မတီ) UTA မှ မေလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

18 May 2020

ခင်သရဖီဦး | DMG
မေ ၁၈ ၊ စစ်တွေ

COVID-19 ကာလအတွင်း အစိုးရဝန်ထမ်းများဖြစ်သည့် တက္ကသိုလ် ဆရာ/မများအနေဖြင့် မိမိနေအိမ်မှနေပြီး ဆက်လက်တာဝန်ထမ်းဆောင်သင့်ကြောင်း တက္ကသိုလ်ဆရာ၊ဆရာမအသင်းများအသင်း (ကိုယ်စားပြု ကော်မတီ) UTA မှ မေလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ကျောင်းများကို မေလ ၃၁ ရက်နေ့အထိ ယာယီပိတ်သိမ်းထားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိမှာ တက္ကသိုလ်ဆရာ၊ ဆရာမများအား မေလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များမှစပြီး မိမိတာဝန်ထမ်းဆောင်နေသည့် တက္ကသိုလ်များသို့ တာဝန်ထမ်းဆောင်ရန် သွားနေကြရကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း (ကိုယ်စားပြုကော်မတီ)မှ မူဝါဒရေးရာနှင့် သုတေသနတာဝန်ခံ ဆရာဦးအာကာမိုးသူက ပြောသည်။

အချို့တက္ကသိုလ်ဆရာ၊ ဆရာမများကို အလုပ်ပိတ်ထားသည့်အချိန်တွင် ပြန်ခေါ်မှုများရှိပြီး ပြန်မခေါ်သေးသည့် တက္ကသိုလ်များလည်းရှိကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် ဆရာ၊ ဆရာမများအကြား အခွင့်အရေးမညီမျှခြင်းများ မဖြစ်စေဘဲ တန်းတူဖြစ်သင့်ကြောင်း ဆရာ ဦးအာကာမိုးသူက ပြောသည်။

“အခုက ပညာရေးဝန်ထမ်းကို မေးလိုက်လို့ရှိရင်လည်း သက်ဆိုင်ရာတက္ကသိုလ်က ခေါ်တဲ့အတွက် သွားရတယ် လို့ပဲပြောတယ်။ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့အမိန့်ကိုပဲ လိုက်နာရမလား။ ဒါမှမဟုတ် ပညာရေးဌာနက ထုတ်ပြန်တဲ့ အမိန့်အာဏာပဲ စောင့်ရမလား။ သက်ဆိုင်ရာ တက္ကသိုလ်ပါချုပ်တွေရဲ့ အမိန့်တွေပဲ လိုက်နာရမလား။ ဇဝေဇဝါဖြစ်တယ်။ ကွဲကွဲပြာပြားဖြစ်စေချင်တာပါ။ ၁၅ရက်နေ့ တစ်ညီတည်း တာဝန်ထမ်းဆိုလည်း ထမ်းဆောင်မယ်” ဟု ၎င်းကပြောသည်။

တက္ကသိုလ်ကျောင်းများအနက် ကျောင်းအချို့သာ ထိုသို့ပြန်ခေါ်ယူနေခြင်းဖြစ်ပြီး COVID 19 ကာလဖြစ် သောကြောင့် တက္ကသိုလ် ဆရာ၊ဆရာမများအနေဖြင့် တစ်စုံတစ်ခုဖြစ်ပွားခဲ့ပါက ပညာရေးဌာနတွင် တာဝန် ရှိကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း (ကိုယ်စားပြုကော်မတီ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်ကုတ်တက္ကသိုလ်ရှိ ဆရာ၊ဆရာမများအနေဖြင့်လည်း မေလ ၁၇ ရက်နေ့မှစ၍ ကျောင်းဆရာ၊ဆရာမများ အားလုံး ရောက်ရှိနေပြီဖြစ်ကြောင်း ကတိကဆရာတစ်ဦးကပြောသည်။

“ဒီနေ့မှာ တောင်ကုတ်တက္ကသိုလ် ဆရာ၊ဆရာမတွေ အကုန်လုံးရောက်နေကြပါပြီ။ ဘာကြောင့်ခေါ်လဲဆိုတာကို ပွင့်ပွင့်လင်းလင်း တစ်ခုမှမသိရဘူး”ဟု ၎င်းကပြောသည်။

စစ်တွေတက္ကသိုလ်တွင်လည်း ဆရာ၊ ဆရာမများကိုခေါ်ယူသည့်အတွက် မေလ ၁၇ ရက်နေ့နှင့် မေလ ၁၈ ရက် နေ့တို့တွင် ဆရာ၊ ဆရာမများ လာရောက်နေကြပြီဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ဆရာများသမဂ္ဂမှ သိရသည်။

“ခေါ်လို့လဲ တချို့ဆရာတွေက မနေ့ကတည်းက လေယာဉ်တွေနဲ့ပါလာတာရှိတယ်။ ဒီနေ့လည်း ပါလာတာ ရှိတယ်။ ဘာကြောင့်ခေါ်လဲဆိုတာကို ကျမတို့လည်းမသိဘူးလေ။ လူကြီးတွေပဲသိလိမ့်မယ်။ ခေါ်ရတဲ့ အကြောင်းအရင်းကို” ဟု စစ်တွေတက္ကသိုလ်ဆရာများသမဂ္ဂကမှ ဆရာမတစ်ဦးက ပြောသည်။

တက္ကသိုလ်ဆရာ ၊ဆရာမများအနေဖြင့် တာဝန်ထမ်းဆောင်နေရသည့်နေရာများကို ယခုအချိန် သွားရောက် နေကြခြင်းမှာ အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်၍သော်လည်းကောင်း၊ ပါချုပ်အမိန့်အာဏာကိုကြောက်၍ သော်လည်းကောင်း သွားလာနေရခြင်းဖြစ်ကြောင်း ဆရာ ဦးအာကာမိုးသူကဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကလည်း မေလ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ ၊ ပြည်သူသို့ပြန်ကြားချက်နှင့် ညွှန်ကြားချက်များအား မေလ ၃၀ ရက်နေ့အထိ တိုးမြှင့်ဆောင်ရွက်သွားရန် မေလ ၃ ရက်က ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ