ပိတ်မိနေသော စစ်တွေမြို့ခံများအား ALP လိုက်လံစည်းရုံးနေ 

ALP သည် စက်ရုံစု၊ ဆတ်ရိုးကျ၊ နာဇီ၊ ကျေးတော၊ ရွှေပြည်သာ၊ ဓညဝတီ စသည့် ရပ်ကွက်များမှ အမျိုးသားများကို အာဏာရပိုင်ခွင့်နှင့် လစဉ်ထောက်ပံ့ကြေးများပေးမည်ဟု မက်လုံးပေးကာ စည်းရုံးနေသည်။

By Admin 13 Apr 2024

စစ်တွေမြို့ ALP ဌာနချုပ်တွင် မုန်တိုင်းသင့်ပြည်သူအချို့အား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့နေစဉ်။ ဓာတ်ပုံ - ALP စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန 
စစ်တွေမြို့ ALP ဌာနချုပ်တွင် မုန်တိုင်းသင့်ပြည်သူအချို့အား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့နေစဉ်။ ဓာတ်ပုံ - ALP စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန 

DMG ၊ ဧပြီ ၁၃

စစ်ကောင်စီထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့၌ ပိတ်မိနေသူများကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ဝင်များက ၎င်းတို့တပ်ထဲသို့ဝင်ရန် မက်လုံးပေးစည်းရုံးနေကြောင်း သိရသည်။ 

ALP ကို စစ်ကောင်စီက စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် အေးသာယာလမ်းတွင် ရုံးစိုက်အခြေချ နေရာပေးထားသည်။ 

လက်ရှိတွင် ALP သည် စက်ရုံစု၊ ဆတ်ရိုးကျ၊ နာဇီ၊ ကျေးတော၊ ရွှေပြည်သာ၊ ဓညဝတီ စသည့် ရပ်ကွက်များမှ အမျိုးသားများကို အာဏာရပိုင်ခွင့်နှင့် လစဉ်ထောက်ပံ့ကြေးများပေးမည်ဟု မက်လုံးပေးကာ စည်းရုံးနေသည်။

“သူတို့အဖွဲ့ထဲဝင်ရင် လုပ်ပိုင်ခွင့်အာဏာတွေပေးမယ်။ တခြား လစဉ်ထောက်ပံ့မှုတွေ ပေးမယ်ဆိုပြီးတော့ ပြောတာရှိပါတယ်။ ဒီကာလမှာက အကုန်လုံးခက်ခဲနေကြတော့ အရမ်းချို့တဲ့သူတွေက ဝင်သွားကြတာလည်း ရှိပါတယ်” ဟု စက်ရုံစုရပ်ကွက်သားတစ်ဦးက ပြောသည်။  

စည်းရုံးခံရသူများမှာ အခြေခံလူတန်းစား အမျိုးသားများဖြစ်ပြီး အသက် ၁၈ နှစ်မှ သက်ကြီးပိုင်းအထိ ပါဝင်ကြောင်း ဒေသခံများက ပြောသည်။ 

ယင်းအပြင် ALP တပ်ဖွဲ့ဝင်များသည် ယခုတိုက်ပွဲကာလအတွင်း စစ်ကောင်စီနှင့်ပူးပေါင်းပြီး စစ်တွေမြို့တွင်းရှိ ရပ်ကွက်တချို့တွင် ဧည့်စာရင်းကောက်ခံခြင်း၊ လက်နက်ကိုင်ဆောင်ပြီး ခြိမ်းခြောက်ခြင်း၊ မြို့အဝင်အထွက် ဆိပ်ကမ်းများတွင် အာဏာပြပြီး ငွေတောင်းခံခြင်းတို့ကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေသည်။ 

လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက “ကျမတို့အိမ်ကို အကြောင်းမဲ့လာပြီး စစ်ဆေးတယ်။ အဝတ်ဗူး၊ သေတ္တာတွေကိုလည်း မွှေသွားတယ်။ ဘာရှာတယ်ဆိုတာကိုလည်း ပြောမသွားဘူး။ ပြီးရင် ကျမရဲ့ယောကျာ်းဘယ်မှာလဲ ဆိုပြီးမေးတယ်။ တခြားနေအိမ်တွေကိုလည်း ဒီအတိုင်းမေးမြန်းပါတယ်” ဟု ပြောသည်။ 

ယခုကိစ္စများနှင့်ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဉက္ကဌ စောမြရာဇာလင်းကို DMG က ဖုန်းဆက်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း လက်ခံဖြေဖြေကြားခြင်း မရှိပေ။ 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်နေသည်။ 

အာရက္ခတပ်တော်(AA)က ရခိုင်ပြည်သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန်တွင် စစ်ကောင်စီလက်ပါးစေ ALP ကလည်း စစ်ရေးပဋိပက္ခကြောင့် အကျပ်ကြုံနေရသောပြည်သူများကို နည်းမျိုးစုံဖြင့်စည်းရုံးသိမ်းသွင်းကာ ၎င်းတို့တပ်ဖွဲ့ အင်အားကြီးမားလာစေရန် လုပ်ဆောင်နေခြင်းဟု ရခိုင်နိုင်ငံရေး လေ့လာနေသူတစ်ဦးက‌ ပြောသည်။ 

“ဒီကာလမှာ AA ဟာ ရခိုင်မြောက်ပိုင်းတစ်ခုလုံးကို သိမ်းပိုက်ထားတဲ့အနေအထားမှာ ရှိတယ်။ ဆိုတော့ ALP အတွက် နေစရာနေရာမရှိတော့တဲ့ အခြေအနေဖြစ်လာတယ်။ သူတို့က စစ်တွေမြို့မှာ အဓိကရုံးစိုက်တာ ဖြစ်တဲ့အတွက် AA က စစ်တွေမြို့ကို သိမ်းလိုက်တာနဲ့ သူတို့ဘုံပျောက်ပြီ။ ဆိုတော့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သူတို့ရဲ့အဖွဲ့ကို အင်အားကြီးအောင် လုပ်ဆောင်လာတာလို့မြင်တယ်” ဟု သူက ပြောသည်။ 

AA က ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၈ ခုထိ သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီထိန်းချုပ်ဆဲ စစ်တွေနှင့် ကျောက်ဖြူမြို့ရှိ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ကြရန် AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တိုက်တွန်းထားသည်။

သို့သော်လည်း ၎င်းမြို့များကို စစ်ကောင်စီက လုံခြုံရေးအင်အားတိုးမြှင့်ကာ ပိတ်ဆို့ထား၍ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲရှိနေကြသည်။ စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့ပတ်လည်၌ ရေမြှုပ်မိုင်း၊ မြေမြှုပ်မိုင်းများ ထောင်ထားပြီး စစ်သင်္ဘောများဖြင့် ဝန်းရံကာဆီးထားကြောင်း DMG က စုံစမ်းသိရှိရသည်။ 

ဗီဒီယိုများ