စစ်မှုထမ်းဉပဒေကြောင့် ပြည်မရောက်ရခိုင်များ ပြည်ပသို့ ထွက်ခွာရန် ကြိုးစားနေ

ပြည်မရောက်ရခိုင်များမှာ ထိုင်း၊ မလေး၊ စင်္ကာပူ၊ ကိုးရီးယား၊ ဂျပန် စသည့် နိုင်ငံများသို့ အများဆုံးထွက်ခွာနေကြပြီး တရားဝင်လမ်းကြောင်းအပြင် တရားမဝင်လမ်းကြောင်းမှလည်း သွားနေကြကြောင်း သိရသည်။

By Admin 13 Apr 2024

ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် ဗီဇာလျှောက်ရန် စောင့်ဆိုင်းနေကြသူများ။ ဓာတ်ပုံ - AFP
ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် ဗီဇာလျှောက်ရန် စောင့်ဆိုင်းနေကြသူများ။ ဓာတ်ပုံ - AFP

DMG ၊ ဧပြီ ၁၃

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် ပြည်မဒေသဖက်သို့ ရောက်ရှိနေကြသည့် ရခိုင်အများစုသည် စစ်ကောင်စီ၏ စစ်မှုထမ်းဉပဒေကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြသည်။ 

ယင်းအထဲတွင် ယခင်ကတည်းက ရောက်ရှိနေသူများနှင့် လတ်တတော ရခိုင်စစ်ပွဲကြောင့် ပြည်မဖက်သို့ တိမ်းရှောင်လာသူများလည်း ပါဝင်သည်။ 

“အခုက ကိုယ့်ပြည်တွင်း(ရခိုင်)လည်း ပြန်လို့မရဘူး။ ဒီမှာလည်း ဝင်ငွေကမရှိ၊ စစ်မှုထမ်းဉပဒေကတစ်မျိုး၊ လုံခြုံရေးလည်းစိုးရိမ်ရတော့ ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြသူတွေ ပိုများလာတယ်” ဟု ရန်ကုန်ရောက်  ရခိုင်လူငယ်တစ်ဦးက ပြောသည်။

ပြည်မရောက်ရခိုင်များမှာ ထိုင်း၊ မလေး၊ စင်္ကာပူ၊ ကိုးရီးယား၊ ဂျပန် စသည့် နိုင်ငံများသို့ အများဆုံးထွက်ခွာနေကြပြီး တရားဝင်လမ်းကြောင်းအပြင် တရားမဝင်လမ်းကြောင်းမှလည်း သွားနေကြကြောင်း သိရသည်။

“အများဆုံးကတော့ ထိုင်းကို သွားဖို့ကြိုးစားကြတာ။ တရားဝင် ဗီဇာတွေနဲ့ သွားဖို့ကြိုးစားကြသလို ပွဲစားတွေနဲ့ အောက်လမ်းကနေ သွားဖို့ကြိုးစားကြတာလည်း ရှိတယ်။ အရင်လိုတော့ မလွယ်ကူဘူးပေါ့” ဟု ရန်ကုန်ရောက် ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်စစ်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားပြီး လတ်တလောတွင် ရခိုင်ပြည်မှတ်ပုံတင်အမှတ် ၁၁/ကိုင်ဆောင်သူများကိုလည်း ခရီးသွားလာခွင့်ပိတ်ပင်ကာ လူမျိုးရေးအရ ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်လျက်ရှိသည်။ 

“ကျမအမျိုးသားက ထိုင်းကပြန်လာတာ တစ်လကျော်နေပြီ။ ရခိုင်ကို ဝင်လို့မရလို့ ရန်ကုန်မှာ သောင်တင်နေတယ်။ ဒီကမိသားစုတွေလည်း စိတ်ပူနေတယ်” ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

နိုင်ငံတဝှမ်း လက်နက်ကိုင်တော်လှန်မှုကြောင့် အထိနာနေသော စစ်ကောင်စီသည် အရွယ်ရောက်ပြီးသူများ မဖြစ်မနေစစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းရန် လူစာရင်းကောက်ယူခြင်း၊ အတင်းအကြပ် တပ်သားစုဆောင်းခြင်းများ လုပ်ဆောင်နေသဖြင့် လူငယ်လူရွယ်များမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ဗီဒီယိုများ