ရခိုင်နှင့် ချင်း လူထုအကျိုးစီးပွားအတွက် AA နှင့်လက်တွဲမည်ဟု ချင်းညီနောင်အဖွဲ့ပြော 

ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်(ULA/AA) တည်ထောင်ခြင်း ၁၅ နှစ်ပြည့်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ချင်းညီနောင်အဖွဲ့(Chin Brotherhood) က ပြောဆိုထားခြင်းဖြစ်သည်။

By Admin 10 Apr 2024

ပလက်ဝမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)
ပလက်ဝမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ ဧပြီ ၁၀ 

အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းပြီး အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ရခိုင်ပြည်သူလူထုနှင့် ချင်းပြည်သူလူထုတို့၏ အကျိုးစီးပွားတို့ကို အပြန်အလှန် စောင့်ရှောက်ကူညီရေးတို့တွင် ရက္ခိုင့်တပ်တော်(AA) နှင့် လက်တွဲပြီး ပန်းတိုင်ရောက်ရှိသည်အထိ အတူချီတက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ပြောသည်။  

ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်(ULA/AA) တည်ထောင်ခြင်း ၁၅ နှစ်ပြည့်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ချင်းညီနောင်အဖွဲ့(Chin Brotherhood) က ပြောဆိုထားခြင်းဖြစ်သည်။

ချင်းညီနောင်အဖွဲ့တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ - ၁ တို့ ပါဝင်သည်။ 

ရက္ခိုင့်တပ်တော် (၁၅) နှစ်ပြည့်တွင် ရခိုင်ပြည်သူတစ်ရပ်လုံး၏ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ခဲ့သဖြင့် မဆုတ်မနစ်ကြိုးပမ်းမှုများနှင့် AA ၏ ရဲရင့်ထက်မြက်မှန်ကန်သော ဦးဆောင်မှုများကို မှတ်ကျောက်တင်နိုင်ခဲ့သော ခုနှစ်ဟုလည်း ချင်းညီနောင်အဖွဲ့က ဆိုသည်။  

ယင်းအပြင် AA စတင်တည်ထောင်ခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်မှစ၍ ၁၅ နှစ်ပြည့်မြောက်သည့် ယနေ့တိုင် အခက်အခဲ၊ အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို ရက္ခိတလမ်းစဉ်အတိုင်း ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့သည့်အတွက် ချင်းညီနောင်အဖွဲ့အနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်မိကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။ 

၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ ရခိုင်စစ်ပွဲအတွင်း ရက္ခိုင့်တပ်တော်(AA)သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်က မြို့နယ် (၈) ခုကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

ဗီဒီယိုများ