မာန်အောင်တွင် အုန်းသီးမှ ကုန်ချောထုတ်လုပ်မည့်စက်ရုံကို ၂၀၂၀ နှစ်ဆန်းပိုင်းတွင် စတင်လည်ပတ်မည်

မကြာမီဖွင့်လှစ်မည့် အုန်းသီးမှ ကုန်ချောထုတ်လုပ်မည့်စက်ရုံသည် ရခိုင်ပြည်နယ်အတွင်းတွင် ပထမဆုံးသော အုန်းသီးကုန်ထုတ်စက်ရုံဖြစ်ပြီး ဝန်ထမ်းအင်အား ၂၅၀ ဖြင့် လုပ်ငန်းလည်ပတ်သွားမည် ဖြစ်ကြောင်း သိရသည်။

By အောင်ကောင်းဇော် 20 Nov 2019

ယခုစက်ရုံသည် ရခိုင်ပြည်နယ်အတွင်း ပထမဆုံးသော အုန်းသီးကုန်ထုတ်စက်ရုံဖြစ်ပြီး ဝန်ထမ်းအင်အား ၂၅၀ ဖြင့် လုပ်ငန်းစတင်လည်ပတ်သွားမည် ဖြစ်သည်။ (ဓာတ်ပုံ - အောင်ကောင်းဇော်)

အောင်ကောင်းဇော် | DMG
နိုဝင်ဘာ ၂၀ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အုန်းသီးမှ ကုန်ချောပစ္စည်းများ ထုတ်လုပ်မည့်စက်ရုံကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် စတင်လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းစက်ရုံကို မာန်အောင်ရတနာကုမ္ပဏီမှ ပိုင်ဆိုင်ကာ အုန်းသီးမှ ကုန်ပစ္စည်း ၆ မျိုးကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။

“အုန်းသီးကနေ ကျန်မာရေးအုန်းဆီ၊ ဟင်းချက်ဆီ၊ အုန်းသီး ရှာလကာရည်၊ အုန်းသီးအချိုရည်၊ ရိုးရိုးအုန်းဆီနဲ့ အုန်းဂျုံမှုန့် စတဲ့ ကုန် ၆ မျိုးထုတ်လုပ်မှာ” ဟု မာန်အောင်ရတနာကုမ္ပဏီ၏ Purchasing Manager ဦးအောင်သန်းက ပြောသည်။

အုန်းသီးတစ်လုံးလျှင် ၁၅၀ ကျပ်ဖြင့် မာန်အောင်ရတနာကုမ္ပဏီမှ ဝယ်ယူလျက်ရှိရာ ကုမ္ပဏီ ရေရှည်လည်ပတ်နိုင်ရန် မာန်အောင်၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ စသည့် မြို့နယ်များမှ အုန်းသီးများကို ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

မာန်အောင်ရတနာကုမ္ပဏီမှ အုန်းသီးကုန်ချောများအပြင် နာနတ်ယို၊ နနွင်း၊ ဂျင်း စသည့် ကုန်များကိုပါ ထုတ်လုပ်သွားမည် ဖြစ်သည်။ (ဓာတ်ပုံ - အောင်ကောင်းဇော်)

မာန်အောင်မြို့နယ်အတွင်းတွင် အုန်းပင်စုစုပေါင်း လေးထောင်ပင်ခန့်ရှိရာ တစ်နှစ်လျှင် အုန်းသီးအလုံးရေ သိန်း ၅၀ ခန့်အထိ ထွက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဒေသဈေးနှုန်းအရ အုန်းသီးတစ်လုံးလျှင် တက်ခအပါအဝင် ၁၁၀ ကျပ် ဈေးနှုန်းရှိကြောင်း အုန်းသီးလုပ်ငန်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေသူ ကိုဝင်းရွှေက ပြောသည်။

“လက်ရှိ ကျနော်တို့ အုန်းသီးတစ်လုံးကို ၁၁၀ ကျပ်နဲ့ဝယ်ယူရတယ်။ အုန်းသီးတစ်လုံးကို ၈၀ ၊ တက်ခ ၃၀ ပေါင်း ၁၁၀ ကျပ်ပေါ့။ ပြီးတော့ အုန်းသားလုပ်ပြီး ရန်ကုန်ကိုပို့တယ်။ ဈေးကတော့ တက်ဈေးကျဈေးရှိတယ်” ဟု ၎င်းကဆိုသည်။

မကြာမီဖွင့်လှစ်မည့် အုန်းသီးမှ ကုန်ချောထုတ်လုပ်မည့်စက်ရုံသည် ရခိုင်ပြည်နယ်အတွင်းတွင် ပထမဆုံးသော အုန်းသီးကုန်ထုတ်စက်ရုံဖြစ်ပြီး ဝန်ထမ်းအင်အား ၂၅၀ ဖြင့် လုပ်ငန်းလည်ပတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မာန်အောင်ရတနာကုမ္ပဏီမှ နောက်ထပ်ကုန်များအဖြစ် နာနတ်ယို၊ နနွင်း၊ ဂျင်း စသည့် ကုန်များကိုပါ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများထံမှ သိရသည်။

ဗီဒီယိုများ