စစ်ကောင်စီက MSME ချေးငွေပေးမည့်ကိစ္စ ရခိုင်ကလုပ်ငန်းရှင်များ ယုံကြည်မှုနည်းပါး

စစ်ကောင်စီက မြန်မာနိုင်ငံတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းများအတွက် ချေးငွေ ထပ်မံထုတ်ချေးပေးမည်ဟု ပြောဆိုလာသည့်အပေါ် ရခိုင်က လုပ်ငန်းရှင်များအနေဖြင့် ယုံကြည်မှု နည်းပါးနေသည်ကို တွေ့ရသည်။

By Admin 09 Oct 2023

စစ်တွေမြို့ရှိ Top ပလတ်စတစ်စက်ရုံအား ၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလအတွင်းက တွေ့ရစဉ်။
စစ်တွေမြို့ရှိ Top ပလတ်စတစ်စက်ရုံအား ၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလအတွင်းက တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၉

စစ်ကောင်စီက မြန်မာနိုင်ငံတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းများအတွက် ချေးငွေ ထပ်မံထုတ်ချေးပေးမည်ဟု ပြောဆိုလာသည့်အပေါ် ရခိုင်က လုပ်ငန်းရှင်များအနေဖြင့် ယုံကြည်မှု နည်းပါးနေသည်ကို တွေ့ရသည်။

နိုင်ငံအတွင်း (MSME)လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ငွေကျပ် ၁၇၀ ဘီလီယံကို ထုတ်ချေးပေးသွားမည်ဟု စစ်ကောင်စီ ဩဇာခံ MRTV က အောက်တိုဘာ ၅ ရက်တွင် ကြေညာခဲ့သည်။

ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သက်တမ်းရှိ SME အဖွဲ့ဝင်ကဒ်၊ သက်တမ်းရှိ လိုင်စင်များ၊ ချေးငွေလျှောက်လိုသူ အမည်ပေါက် အာမခံပိုင်ဆိုင်မှု၊ လိုင်စင်ဓာတ်ပုံ၊ မှတ်ပုံတင်တို့ဖြင့် လျှောက်ထားနိုင်ဟုဆိုသည်။

ရခိုင်တွင် MSME ချေးငွေထုတ်ချေးမည့် စစ်ကောင်စီ၏ အစီအစဉ်မှာ လက်တွေ့ဆန်မှုမရှိသဖြင့် ယုံကြည်မှုမရှိတော့ဟု စစ်တွေမြို့၊ တီးရှူးစက်ရုံပိုင်ရှင် ကိုကျော်မင်းထွန်းက ဆိုသည်။
“အမှန်တကယ်(လုပ်ငန်း) လုပ်၊ မလုပ်ကို သူတို့ စစ်ဆေးပြီးပေးရင်လည်း ရနိုင်တာပဲ။ ပိုင်ဆိုင်မှု ခိုင်ခိုင်မာမာပြဖို့က လုပ်ငန်းရှင်တချို့လည်း အခက်အခဲရှိကြတာပဲ။ သူတို့ ခုလိုလုပ်တာကိုတော့ သိပ်ပြီးမယုံချင်တော့ဘူး” ၎င်းကပြောသည်။

ရခိုင်က MSME စီးပွားရေးလုပ်ငန်းများ တိုးတက်လာရေး အထောက်အကူပြုရန်အတွက် ငွေကျပ် ဆယ်ဘီလီယံ ထုတ်ချေးပေးမည်ဟု ပြည်နယ်စစ်ကောင်စီက ပြောဆိုထားသည်မှာ တစ်နှစ်ခန့် ကြာမြင့်လာသည့်တိုင် အကောင်အထည်မပေါ်လာသေးဘဲ ကြန့်ကြာနေသည်။

ရခိုင်က MSME လုပ်ငန်းများကို ယခင်က ချေးငွေပေးမည့်ကိစ္စမှာ ယနေ့ထိ ထူးခြားမလာသေးသဖြင့် ထပ်မံ၍ ချေးငွေလျှောက်ထားရန် အစီအစဉ်မရှိကြောင်း MSME လုပ်ငန်းရှင်များက ပြောသည်။

“(ချေးငွေချေးဖို့) သုံးကြိမ်၊ လေးကြိမ်လောက် တင်ထားပြီးပြီ။ အဲဒါတွေလည်း ပျောက်ပျောက်သွားတယ်။ ခုလည်း ပျောက်သွားမယ်လို့ထင်တယ်။ ကိုယ့်ထက် ရင်းနှီးတဲ့လူတွေကပဲ ရသွားမယ်ထင်တယ်” ဟု စစ်တွေမြို့မှ Top ပလတ်စတစ်စက်ရုံပိုင်ရှင် ဦးအောင်သန်းလှိုင်က ပြောသည်။

ရခိုင်က MSME လုပ်ငန်းရှင်များမှာ စိန်ခေါ်မှုများစွာနှင့် ရပ်တည်နေကြရသည်အထဲ “မိုခါ” မုန်တိုင်းကြောင့် ထိခိုက်နစ်နာခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လည်နာလန်ထူရန် အခက်အခဲ ရှိနေကြဆဲဖြစ်သည်။

စစ်ကောင်စီ၏ MSME ချေးငွေကို လျှောက်ထားရန်အတွက် လုပ်ငန်းရှင်အချို့မှာ ပိုင်ဆိုင်မှုအထောက်အထားကို တင်ပြရန် ကန့်သတ်ချက်များရှိနေကြောင်းလည်း သိရသည်။

“ကျမတို့ လုပ်ငန်းက နယ်မှာဆိုတော့ မြေဂရမ်တွေက မရှိဘူး။ လျှောက်ထားတာလည်း မကျသေးဘူး။ MSME အသင်းကတော့ အဲဒါတွေမရှိရင် မရဘူးလို့ပြောတယ်။ ကျမအနေနဲ့က ချေးငွေ တကယ်လိုအပ်နေတာ။ ပိုင်ဆိုင်မှုဆိုလို့ ဒီမြေတွေပဲရှိတာကို ကျန်တာမရှိဘူး” ဟု စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာမှ ရက်ကန်းလုပ်ငန်းရှင် ဒေါ်အေးနုခင်က ပြောသည်။

ရခိုင်ပြည်အတွင်း MSME လုပ်ငန်းများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသော လုပ်ငန်းများနှင့် အိမ်တွင်း စက်မှု၊လက်မှုလုပ်ငန်းများ ပါဝင်သည်။

လက်ရှိ MSME ထုတ်ကုန် ၇၀ ရာခိုင်နှုန်းမှာ ငွေကြေးအရင်းအနှီး၊ နည်းပညာလိုအပ်ချက်ကြောင့် အရည်အသွေး ကျဆင်းနေရပြီး ထုတ်လုပ်မှုလည်းကျဆင်းလာနေရသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။

ဖွံ့ဖြိုးဆဲ ပြည်နယ်/တိုင်းတစ်ခုအတွက် MSME လုပ်ငန်းမှာ အရေးကြီးသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သော်လည်း ရခိုင်မှာ MSME လုပ်ငန်းများ တိုးတက်မှုနှောက်နှေးနေရသည်ဟု လုပ်ငန်းများက ပြောဆိုကြသည်။

#I010

ဗီဒီယိုများ