မြန်မာထီ အရောင်းကျနေသော်လည်း ထိုင်းနှင့် စင်္ကာပူထီများ ရောင်းအားတက်လာ

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း အောင်ဘာလေသိန်းထီမှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရောင်းအားကျဆင်းသွားခဲ့သော်လည်း လက်ရှိရခိုင်ပြည်အတွင်း ထိုင်းနှင့် စင်္ကာပူထီလက်မှတ်များမှာ ထိုးသူများပြီး ရောင်းအားကောင်းနေသည်ဟု အရောင်းကိုယ်စားလှယ်များက ပြောသည်။

By Admin 21 Oct 2023

နိုင်ငံခြားထီများဖြစ်သည့် ထိုင်းထီနှင့် စက်ကာပူထီလက်မှတ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Online
နိုင်ငံခြားထီများဖြစ်သည့် ထိုင်းထီနှင့် စက်ကာပူထီလက်မှတ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Online

DMG ၊ အောက်တိုဘာ ၂၁

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း အောင်ဘာလေသိန်းထီမှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရောင်းအားကျဆင်းသွားခဲ့သော်လည်း လက်ရှိရခိုင်ပြည်အတွင်း ထိုင်းနှင့် စင်္ကာပူထီလက်မှတ်များမှာ ထိုးသူများပြီး ရောင်းအားကောင်းနေသည်ဟု အရောင်းကိုယ်စားလှယ်များက ပြောသည်။

စင်္ကာပူထီလက်မှတ်ကို ယခင်က ထိုးသူနည်းပါးသော်လည်း ယခုအခါ ရောင်းအားကောင်းလာသည်ဟု စစ်တွေမြို့မှ စင်္ကာပူထီရောင်းချနေသည့် အမျိုးသမီးတစ်ဦးကပြောသည်။

“အရင်တုန်းကလည်း စင်္ကာပူထီက ရှိတယ်။ ဒါပေမယ့် ဒီလောက်မတွင်ကျယ်ဘူး၊ ရောင်းအားမကောင်းဘူး။ အခုတော့ စင်္ကာပူထီထိုးသူတွေ များလာတယ်” ဟု ၎င်းကဆိုသည်။

စင်္ကာပူထီတွင် အက္ခရာမပါရှိဘဲ ဂဏန်း ၇ လုံးပါရှိပြီး တစ်လလျှင်တစ်ကြိမ်သာ ထွက်ရှိသည်။ လက်ရှိ စင်္ကာပူထီလက်မှတ် တစ်စောင်ကို မြန်မာငွေကျပ် ၁၂,၀၀၀ ရှိကြောင်း သိရသည်။သို့သော် စင်္ကာပူထီရောင်းအား အခြေအနေနှင့် အသေးစိတ်အချက်များကိုမူ အရောင်းကိုယ်စားလှယ်များက ထုတ်မပြောကြပေ။

အလားတူ တစ်လလျှင် ၂ ကြိမ်ထွက်ရှိသည့် ထိုင်းထီမှာလည်း ရခိုင်တွင် ရောင်းအားကောင်းနေပြီး အက္ခရာမပါဘဲ ဂဏန် ၆ လုံးပါရှိသည့် ထီအမျိုးစားဖြစ်သည်။

စစ်တွေမြို့မှ ထိုင်းထီရောင်းသည့် အမျိုးသားတစ်ဦးက “အရင်ကတော့ ထိုင်းထီတစ်စောင်ကို ၉,၀၀၀ လောက်ပဲရှိတယ်။ အခုတော့ ၁၀,၀၀၀ ကျော်အထိ တက်သွားပြီ။ ဒါပေမယ့် ထိုးသူတွေကမကျဘူး။ ထိုးသူတွေ များလာတယ်။ အရင်ကဆိုရင် ထိုင်းထီထိုးသူတွေက နည်းတယ်။ ထိုးသူတွေ များလာတာကတော့ အခုက မြန်မာထီကို သိပ်မထိုးကြတော့ဘူး” ဟု စစ်တွေမြို့က ထိုင်းထီရောင်းသူတစ်ဦးက ဆိုသည်။

စင်ကာပူထီနှင့် ထိုင်းထီများကို အရောင်းကိုယ်စားလှယ်များက အွန်လိုင်းစနစ်ကိုအသုံးပြုကာ ရောင်းချမှုများ ရှိလာသည့်အတွက် ထိုးသူများ ယခင်ကထက်များလာကြောင်းလည်း သိရသည်။

စင်္ကာပူထီတစ်စောင်ပေါက်လျှင် အမြင့်ဆုံးဆုငွေ စင်္ကာပူဒေါ်လာ ၅ မီလီယံရရှိပြီး မြန်မာငွေဆိုလျှင် သိန်းပေါင်း ၅ သောင်းကျော် ရရှိမည်ဖြစ်သည်။ ထိုင်းထီတစ်စောင်ပေါက်လျှင် အမြင့်ဆုံးဆုငွေ ထိုင်းဘတ်ငွေ ၆ သန်းရရှိပြီး မြန်မာငွေဆိုလျှင် ကျပ်သိန်း ၆ ထောင်ကျော် ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ အောင်ဘာလေထီမှာ အာဏာသိမ်းပြီးနောက်ပိုင်း ရောင်းအားကျဆင်းလာကာ ထီဆုများလည်း နည်းသွားသဖြင့် ထီထိုးသူနည်းသွားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ မြန်မာထီ အမြင့်ဆုံးဆုငွေမှာ ယခင်က ကျပ်သိန်းတစ်သောင်းခွဲအထိ ရှိခဲ့သော်လည်း ယခုအမြင့်ဆုံးဆုငွေမှာ ကျပ်သိန်းငါးထောင်ဖြစ်သည်။

နိုင်ငံခြားထီများထိုးနေသည့် ပုဏ္ဏားကျွန်းဒေသခံ ကိုအောင်ဆုက “နိုင်ငံခြားထီထိုးသူတွေ များလာတာကတော့ အွန်လိုင်းကရောင်းသူတွေ များလာတဲ့အတွက် ထိုးသူများလာကြတယ်။ ပေါက်ရင်လည်း ဆုကြေးငွေကများတဲ့အတွက် ထိုးသူတွေက တိုးလာတယ်။ မြန်မာထီကျတော့ အခုက ဆုကြေးငွေတွေက ကျသွားတဲ့အတွက် ထိုးသူတွေကနည်းလာတယ်” ဟု ပြောသည်။

နိုင်ငံခြားထီများကို မြန်မာနိုင်ငံတွင်ရောင်းချရန် တရားဝင်ခွင့်ပြုမထားသော်လည်း အွန်လိုင်းစနစ်အပါဝင် အခြားနည်းလမ်းများဖြင့် ရောင်းချထိုးနေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်ရောင်းချနေသည့် အောင်ဘာလေသိန်းဆု ထီလက်မှတ်များမှာ အာဏာသိမ်းပြီးနောက် တဖြည်းဖြည်း ရောင်းအားကျဆင်းနေပြီး လက်ရှိ ရခိုင်ဒေသတွင် ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းနေကြောင်း ထီအရောင်းဆိုင်များထံမှ သိရသည်။

ဗီဒီယိုများ