သန္တာကျောက်တန်းများကိုထိန်းသိမ်းရန် ငါးဖမ်းပိုက်များကို စနစ်တကျစွန့်ပစ်ဖို့လို

ရခိုင်ပြည်နယ်မှ သန္တာကျောက်များကို ထိန်းသိမ်းနိုင်ရန်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အသုံးပြုပြီးသော ငါးဖမ်းပိုက်များကို စနစ်တကျစွန့်ပစ်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)မှ Marine Species Conservation Officer ကိုအံ့မောင်က ပြောသည်။

By သီဟ 15 Nov 2020

သီဟ | DMG
နိုဝင်ဘာ ၁၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်မှ သန္တာကျောက်များကို ထိန်းသိမ်းနိုင်ရန်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အသုံးပြုပြီးသော ငါးဖမ်းပိုက်များကို စနစ်တကျစွန့်ပစ်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)မှ Marine Species Conservation Officer ကိုအံ့မောင်က ပြောသည်။

ရေလုပ်သားများအနေဖြင့် အသုံးမပြုတော့သည့် ပိုက်ကွန်များကို စနစ်တကျစွန့်ပစ်ခြင်း မပြုလုပ်ပဲ ပင်လယ်ထဲသို့စွန့်ပစ်ပါက အဆိုပါ စွန့်ပစ်ပိုက်ကွန်များသည် ရေအောက်ရှိသန္တာကျောက်တန်းများကို သွားရောက်တွယ်ငြိကာ သန္တာကျောက်တန်းများ ပျက်စီးနိုင်ကြောင်း သူကဆိုသည်။

“သန္တာကျောက်တန်းဆိုတဲ့အမျိုးက နည်းနည်းလေးထိခိုက်တာနဲ့ ပျက်စီးသွားတက်တဲ့အမျိုး ဖြစ်တာကြောင့် လှိုင်းကြမ်းရင်တောင် အခင်းလိုက်ပျက်စီးနိုင်တယ်။ ငါးဖမ်းပိုက်တွေနဲ့ အုပ်မိသွားရင်ပဲ ဒါကပျက်စီးသွားနိုင်တယ်။ နောက်ပြီး ရေလုပ်သားတွေအနေနဲ့ကလည်း ပင်လယ်ပြင်မှာ ငါးဖမ်းရင် ပိုက်တွေပေါက်ပြဲသွားလို့ မသုံးတော့ဘူး ဆိုရင် ကုန်းပေါ်အထိသယ်ယူပြီး စနစ်တကျစွန့်ပစ်ဖို့လိုမယ်။ ပင်လယ်ထဲမှာ ဒီတိုင်းမပစ်ခဲ့သင့်ဘူး” ဟု ကိုအံ့မောင်က ရှင်းပြသည်။

ထို့အပြင် ကမ်းဝေးငါးဖမ်းသေဘာၤများ ကမ်းအနီးဝင်ရောက်ပိုက်ဆွဲခြင်း၊ အဆိပ်ချငါးဖမ်းခြင်း၊ ရေမြှုပ်မိုင်းခွဲ ငါးဖမ်းခြင်းနှင့် သစ်တောများပြုန်းတီးခြင်းကြောင့် မိုးရွာချိန်တွင် မြေဆီများတိုက်စားကာ သန္တာကျောက်များကို ဖုံးလွှမ်းသွားခြင်းတို့မှာလည်း သန္တာကျောက်တန်းများကိုပျက်စီးစေနိုင်သည့် အချက်များဖြစ်ကြောင်း သူက ဆိုသည်။

ပင်လယ်ကမ်းရိုးတန်းတွင် သန္တာကျောက်တန်းများရှိနေခြင်းဖြင့် ကမ်းပြိုခြင်းကိုကာကွယ်ပေးနိုင်ခြင်း၊ ငါးသယံဇာတပေါများစေခြင်းနှင့် ပင်လယ်ပြင်ရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်များကိုစုပ်ယူပေးခြင်းတို့ကို ဆောင်ရွက် ပေးသည့်အတွက် စနစ်တကျထိမ်းသိမ်းရန်လိုအပ်ကြောင်း ပုသိမ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာချယ်ရီအောင်က ဆိုသည်။

“သန္တာကျောက်တန်းတွေက ပြန်စိုက်မယ်ဆိုရင် ဖြစ်နိုင်ခြေအရမ်းနည်းပါးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ကြီးထွားမှုနှုန်းက အရမ်းကိုကြီးမားတယ်။ အရမ်းအရှည်မြန်ပါတယ်ဆိုတဲ့မျိုးစိတ်တောင်မှ တစ်နှစ်ကို တစ်စင်တီ မီတာလောက်ပဲကြီးထားတာ။ ဒါ့ကြောင့် သူတို့ကိုပျက်စီးစေနိုင်တာတွေကို လျှော့ချခြင်းကပဲ သူတို့ကိုကာကွယ်ဖို့ အတွက် အဓိကအချက်ပဲဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် အဆိုပါသန္တာကျောက်တန်းတည်ရှိရာနေရာများအား ကာကွယ်ရေးဧရိယာအဖြစ် ငါးမဖမ်းရနယ်မြေ အဖြစ်သတ်မှတ်ပြီး လူထုအခြေပြုခရီးသွားလုပ်ငန်းများ ထူထောင်ပေးလိုက်ခြင်းအားဖြင့်လည်း ဒေသခံများ၏ ဝင်ငွေရရှိမှုကို ဖန်တီးနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံခြားခရီးသွားများထံမှ ဝင်ငွေများလည်းရရှိနိုင်ကြောင်း ဒေါက်တာ ချယ်ရီအောင်က ထောက်ပြသည်။

သန္တာကျောက်တန်းများမှာ သန္တာကောင်ငယ်လေးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အကောင်ရေများစွာ စုစည်းပြီးမှသာ အထပ်တစ်ထပ်ကိုဖြစ်ပေါ်စေကာ အခက်အလက်ပုံစံ၊ ရေညှိပုံစံ၊ ဆေးလိပ်ပြာခွက်ပုံသဏ္ဍာန် ရှိပြီး ရေအောက်သစ်တောဥယျာဉ်အသွင်ဖြင့် တည်ရှိနေတတ်ကြသည်။

သန္တာကျောက်တန်းကိုဖြစ်ပေါ်စေသည့် သန္တာကောင်ငယ်လေးများသည် ပူနွေးသောရာသီဥတု၊ မုတ်သုံ ရာသီဥတု၊ ရေကြည်မှုနှင့် ကောင်းမွန်သောကမ်းရိုးတန်းတို့ကိုကြိုက်နှစ်သက်လေ့ရှိပြီး အင်ဒိုပစိဖိတ်ဒေသတွင် အများဆုံးတွေ့ရတတ်သည်။

ကမ္ဘာပေါ်တွင် သန္တာကျောက်တန်းမျိုးစိတ်ပေါင်း တစ်ထောင်ကျော်ရှိပြီး မြန်မာနိုင်ငံတွင် မျိုးစိတ်ပေါင်း ငါးရာကျော်ရှိသည့်အနက် မြိတ်ကျွန်းစုတွင် မျိုးစိတ်ပေါင်း ၅၀၀ ခန့်နှင့် ရခိုင်ကန်းရိုးတန်းတွင် ၂၀၀ ကျော်ခန့် တည်ရှိကြောင်း သိရသည်။

စွန့်ပစ်ပိုက်ကွန်များကြောင့် ရေအောက်ရှိ သန္တာကျောက်တန်းများ ပျက်စီးစေသည်ဟူသောအချက်နှင့် ပတ်သက်၍ မိမိတို့ရေလုပ်ငန်းလုပ်ကိုင်သူများထံတွင် သိရှိမှုအားနည်းနေသေးကြောင်း ငပလီမြို့၊ ဂျိတ္တော ရပ်ကွက်နေ ရေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကဆိုသည်။

“ကျွန်တော်တို့ကတော့ ပိုက်ကွန်တွေပင်လယ်ထဲမှာ စုတ်ပြဲသွားရင်ကမ်းပေါ်ကိုပြန်ယူလာတာများတယ်။ သိပ်မစွန့်ပစ်ဘူး။ ကမ်းပေါ်မှာ သုံးလို့ရတဲ့နေရာတွေမှာ ပြန်သုံးဖြစ်တယ်။ ဒီပိုက်ကွန်တွေကြောင့် သန္တာ ကျောက်တန်းတွေပျက်စီးစေနိုင်တာကိုတော့ ကျွန်တော်တို့ကို လာပြီးပညာပေးတာမျိုးတွေမရှိတော့ ကျွန်တော်တို့လည်းမသိဘူး။ ဒါမျိုးတွေကိုလည်း ပညာပေးစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ကမ်းရိုးတန်းဒေသရှိ သန္တာကျောက်တန်းများကိုထိန်းသိမ်းရန် ၂၀၁၉ ခုနှစ်မှစတင်ကာ လေ့လာမှုများ ပြုလုပ်နေပြီး ဂွ၊ ကျိန္တလီနှင့် မာန်အောင်တို့ရှိ သန္တာကျောက်တန်းတည်ရှိမှုများကိုလည်း လေ့လာမှုများပြုလုပ် နေကြောင်း မြန်မာနိုင်ငံဆိုင်ရာသားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)ထံမှ သိရသည်။

ဗီဒီယိုများ