မာန်အောင်မြို့နယ်မှ သန္တာကျောက်တန်းတည်ရှိရာကျေးရွာတွင် ဧည့်ဂေဟာ ၁၂ လုံး တည်ဆောက်နေ

၃ ဧကကျော် အကျယ်အဝန်းရှိသော သန္တာကျောက်တန်းတစ်ခုသည် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် အတွင်းရှိ ပြင်ကောက်ကျေးရွာအနီးတွင် ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ် ဧပြီလအတွင်းမှစတင်ကာ အဆိုပါနေရာသို့ အလည်အပတ်သွားရောက်သူ အများအပြားရှိပါတယ်။

By အောင်ကောင်းဇော် 18 Nov 2020

အောင်ကောင်းဇော် | DMG
နိုဝင်ဘာ ၁၈ ၊ မာန်အောင်

၃ ဧကကျော် အကျယ်အဝန်းရှိသော သန္တာကျောက်တန်းတစ်ခုသည် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် အတွင်းရှိ ပြင်ကောက်ကျေးရွာအနီးတွင် ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ် ဧပြီလအတွင်းမှစတင်ကာ အဆိုပါနေရာသို့ အလည်အပတ်သွားရောက်သူ အများအပြားရှိပါတယ်။

သန္တာကျောက်တန်းတည်ရှိရာ ပြင်ကောက်ကျေးရွာတွင် မာန်အောင်အများပိုင်ကုမ္ပဏီမှ ဧည့်ဂေဟာ တစ်လုံးတွင် အခန်း ၂ ခန်းပါသည့် ဧည့်ဂေဟာ ၁၂ လုံးကို တည်ဆောက်နေကြောင်း ကုမ္ပဏီတာဝန်ရှိသူထံမှ သိရသည်။

ထိုသို့ ဧည့်ဂေဟာများတည်ဆောက်ခြင်းမှာ သန္တာကျောက်တန်းသို့ လာရောက်လည်ပတ်သူများ တည်းခိုနိုင်စေ ရန်အပြင် ကျေးရွာဒေသခံများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း ရည်ရွယ်သည်ဟု မာန်အောင်အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်လှိုင်က ဆိုသည်။

“ကျေးရွာကလူတွေ ဦးဆောင်မယ်၊ ကျေးရွာကပိုင်တယ် ဆိုတဲ့ဟာပါ။ လောလောဆယ်မှာ ကျေးရွာမှာငွေကြေး မရှိတဲ့အတွက် ကျွန်တော်တို့စိုက်ထုတ်ပေးထားတယ်။ နောက်ခါ ကျေးရွာကလူတွေ ငွေကြေးရှိလာတဲ့အခါ ကိုယ့်ဟာကိုရပ်တည် လုပ်ကိုင်ဖို့အတွက်ပေါ့။ သဘာဝကလည်း ရေရှည်တည်တံ့သွားမယ်။ ကျေးရွာကလည်းပဲ ဖွံ့ဖြိုးတိုးတက်သွားမယ်ဆိုတာကို ပေါင်းစပ်ထားတဲ့ ရည်ရွယ်ချက်ပါ” ဟု ၎င်းကပြောသည်။

ဧည့်ဂေဟာဆောက်လုပ်သည့်ကုန်ကျငွေကို မာန်အောင်အများပိုင်ကုမ္ပဏီမှ ကျခံထားပြီး ယင်းမှရရှိလာမည့် အကျိုးအမြတ်များထဲမှ ၃၀ ရာခိုင်နှုန်းကို ပြင်ကောက်ကျေးရွာမှ ဒေသခံရရှိမည်ဟု ကုမ္ပဏီနှင့်ဒေသခံတို့ အကြား သဘောတူညီထားကြောင်း သိရသည်။

“ဒီအဆောက်အဦး ဆောက်ဖို့အတွက် မြေနေရာကို ရွာပိုင်မြေအနေနဲ့ဆိုရင် ၃၀ ရာခိုင်နှုန်းပေးမယ်ပေါ့။ တကယ်လို့ ပုဂ္ဂလိကပိုင်မြေမှာဆောက်မယ်ဆိုရင် ၁၅ ရာခိုင်နှုန်းဘဲ ပေးမယ်လို့ပြောထားတာရှိတယ်။ အခု ကတော့ ဒီမြေက ရွာပိုင်မြေဖြစ်တာကြောင့် ကျွန်တော်တို့ ရွာအတွက် ၃၀ ရာခိုင်နှုန်းရမှာပေါ့” ဟု ပြင်ကောက် ကျေးရွာဒေသခံ ဦးသန်းရွှေက ပြောသည်။

လက်ရှိ ဧည့်ဂေဟာတည်ဆောက်နေသော မြေနေရာမှာ ပြင်ကောက်ကျေးရွာမှ ဒေသခံများပိုင်ဆိုင်သည့် မြေနေရာဖြစ်ပြီး အကျိုးအမြတ်ကို ရာနှုန်းအလိုက် ခွဲဝေရရှိမည်ဖြစ်သည့်အတွက် ဆောက်လုပ်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သို့သော် အကျိုးအမြတ် ခွဲဝေပေးမည်ဆိုသည်ကို စာချုပ်ချုပ်ဆိုထားခြင်း မရှိသေးသဖြင့် စာချုပ်ချုပ်ဆိုပေးရန် လိုလားကြောင်းလည်း ဒေသခံများက ဆိုသည်။

“ဒီအဆောက်အဦးဆောက်ရင် ကျေးရွာအတွက် အကျိုးအမြတ်က ဘာရှိမလဲလို့ဆိုတဲ့အခါ ၁၀၀ မှာ ၃၀ ရာခိုင်နှုန်းရမယ်ဆိုတဲ့အတွက် ကျွန်တော်တို့ရွာသားတွေကလည်း ဒါကိုသဘောတူထားတယ်။ ကုမ္ပဏီအကြီးအကဲတွေ မရောက်နိုင်သေးလို့ စာချုပ်စာတမ်းလုပ်မယ့် ကိစ္စကတော့ ရပ်တန့်နေသေးတယ်” ဟု ပြင်ကောက် ကျေးရွာဒေသခံ ဦးသန်းဌေးက ဆိုသည်။

ပြင်ကောက်ကျေးရွာတွင် တည်ဆောက်နေသည့် ဧည့်ဂေဟာ ၁၂ လုံး၏ မြေနေရာအကျယ်အဝန်းမှာ ၂ ဧကမျှ ရှိပြီး လက်ရှိမှာ လုပ်ငန်း ၄၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မာန်အောင်အများပိုင်ကုမ္ပဏီသည် မာန်အောင်မြို့နယ်အတွင်း၌ အဆင့်မြင့်စီမံကိန်း ၁၀ ခုကိုလည်း အကောင် အထည်ဖော်ဆောင်လျက် ရှိနေသည်။

ယင်းအထဲမှ ဦးစားပေးဆောင်ရွက်နေသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေး စီမံကိန်းမှာ ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်သွားရန်ရှိေသော်လည်း လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါ ပြီးဆုံးချိန်မှသာ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောဆိုသည်။

ဗီဒီယိုများ