မာန်အောင်ကမ်းခြေက သန္တာကျောက်များ ပျက်စီးမှုများလာသည့်အတွက် စနစ်တကျထိန်းသိမ်းရန် လိုအပ်နေ 

သန္တာကျောက်တန်းသို့ လာရောက်လည်ပတ်သူများမှာ စနေ၊ တနင်္ဂနွေနေ့ရက်များတွင် ရာနှင့်ချီရှိနေပြီး လာရောက်လည်ပတ်သူများက သန္တာကျောက်များကို တက်နင်းသွားကြသည့်အတွက် ကျိုးပဲ့ပျက်စီးမှုများ ရှိနေခြင်းဖြစ်သည်။ 

By Admin 21 Feb 2023

မာန်အောင်ကမ်းခြေရှိ သန္တာကျောက်တန်းများအား တွေ့ရစဉ်။
မာန်အောင်ကမ်းခြေရှိ သန္တာကျောက်တန်းများအား တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာ ကမ်းခြေတလျှောက်တွင်ရှိသည့် သန္တာကျောက်တန်းများမှာ ကျိုးပဲ့ပျက်စီးမှုများ ရှိလာနေသည့်အတွက် စနစ်တကျ ထိန်းသိမ်းရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

သန္တာကျောက်တန်းသို့ လာရောက်လည်ပတ်သူများမှာ စနေ၊ တနင်္ဂနွေနေ့ရက်များတွင် ရာနှင့်ချီရှိနေပြီး လာရောက်လည်ပတ်သူများက သန္တာကျောက်များကို တက်နင်းသွားကြသည့်အတွက် ကျိုးပဲ့ပျက်စီးမှုများ ရှိနေခြင်းဖြစ်သည်။ 

ထို့အပြင် လာရောက်လည်ပတ်သူအချို့မှာ သန္တာကျောက်များကိုချိုးဖဲ့၍ အမှတ်တရအဖြစ် ယူဆောင်သွားကြသည့်အတွက် သန္တာကျောက်တန်းများ ပျက်စီးသွားမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ဆိုကြသည်။  

“လာရောက်လည်ပတ်သူတွေက သန္တာကျောက်တွေကို မမြင်ဖူးတော့ ကြည့်ချင်တဲ့အတွက် ရေထဲကိုဆင်းပြီး တက်နင်းသွားကြတယ်။ ဒါကြောင့် သန္တာကျောက်တွေ ကျိုးသွားတယ်။ အဲဒါတွေကို အိမ်သို့ ယူသွားကြတာတွေရှိတယ်။ ရွာကလူတွေကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ အချိန်ပြည့် လိုက်မကြည့်နိုင်ဘူး။ လက်ရှိမှာ ထိန်းသိမ်းရေးပိုင်းက အရမ်းအားနည်းနေတာ” ဟု မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာမှ ဦးသိန်းလင်းက ပြောသည်။

သန္တာကျောက်တန်းများကို စနစ်တကျထိန်းသိမ်းမည့်အဖွဲ့ မရှိသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဒေသတွင်းအဖွဲ့အစည်းများက စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်နေကြောင်း ပြင်ကောက်ကျေးရွာမှ မခင်မီမီကျော်က ပြောသည်။

“သန္တာကျောက်တွေ ကျိုးပဲ့ပျက်စီးတာတွေရှိတယ်။ အခုဆိုရင် ထက်ဝက်လောက်တောင် ပျက်စီးနေပြီ။ ထိန်းသိမ်းတဲ့အပို်ငးမရှိတဲ့အတွက် ပျက်စီးနေတာ။ ဒါကို စည်းကမ်းချက်တွေနဲ့ စနစ်တကျ လုပ်ပေးစေချင်တယ်။ ဥပမာ ဆိုင်းဘုတ်တွေ၊ ဗွီနိုင်းတွေထောင်ပြီး ဒီနေရာမှာ ဒါမလုပ်ရဘူးဆိုတာမျိုးတွေ လုပ်ရင် ပိုကောင်းပါတယ်” ဟု ၎င်းက ပြောသည်။ 

သဘာဝအတိုင်းဖြစ်တည်နေသည့် သန္တာကျောက်တန်းများ မပျက်စီးစေရေးအတွက် သန္တာကျောက်များကို ချိုးဖဲ့ဖျက်ဆီးခြင်း၊ ယူဆောင်ခြင်း၊ တက်နင်းခြင်း၊ ကမ်းခြေအတွင်း အရက်သေစာသောက်စားခြင်း မပြုခြင်းနှင့် လာရောက်ကြည့်သူများအနေဖြင့်လည်း သတ်မှတ်နေရာမှသာ ကြည့်ရှုကြရန် ဒေသန္တရအမိန့်ကို မာန်အောင်မြို့နယ်အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ 

အဆိုပါအချက်များကို အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ချိုးဖောက်မှုတစ်စုံတစ်ရာ လုပ်ဆောင်ပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ တည်ဆဲဥပဒေများနှင့်လည်း အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

သို့သော်လည်း လာရောက်လည်ပတ်သူများမှာ သတ်မှတ်ချက်များကို လိုက်နာမှုအားနည်းခြင်း၊ အသိပညာဗဟုသုတ အားနည်းခြင်းအပြင် အာဏာပိုင်များ၏ ကိုင်တွယ်မှု အားနည်းချက်များကြောင့် သန္တာကျောက်များမှာ ပို၍ ပျက်စီးလာနေခြင်းဖြစ်သည်။ 

“ဒီအတိုင်း ထုတ်ပြန်ရုံနဲ့တော့ မပြီးဘူးပေါ့။ အစီအစဉ်တွေ၊ လှုပ်ရှားမှုတွေရှိမှ အဆင်ပြေမှာကိုး။ သက်ဆိုင်ရာတွေက ဒါကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရင်တော့ ဒီသန္တာကျောက်တန်း ပျက်စီးတာတွေကို ထိန်းသိမ်းနိုင်မှာဖြစ်တယ်။ အဲဒါတွေ မပျက်စီးအောင်အတွက် ဒေသခံပြည်သူတွေကလည်း အသိပညာတွေ ရှိဖို့လိုတယ်” မာန်အောင်မြို့ဒေသခံ ကိုခန့်ဝေလင်းက ပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ မာန်အောင်မြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အဆက်အသွယ်ရရှိနိုင်ရန်အတွက် DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။ 

သန္တာကျောက်တန်းတည်ရှိရာတွင် ငါးဖမ်းခြင်း၊ ကမ်းခြေအတွင်း ခွင့်ပြုချက်မဲ့ တဲထိုးခြင်း၊ ဆိုင်ခန်းဖွင့် ရောင်းချခြင်းများကိုလည်း ကန့်သတ်ထားပြီး လာရောက်သူများအနေဖြင့် ဂေဟစနစ် မပျက်စီးစေရန်အတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန် မာန်အောင်မြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသန္တရအမိန့်ညွှန်ကြားစာတွင် ပါရှိသည်။ 

လက်ရှိ သန္တာကျောက်တန်းအနီး အမှိုက်စွန့်ပစ်မှုများရှိနေခြင်းမှာ ရေထုညစ်ညမ်းမှုများ ဖြစ်လာနိုင်သည့်အတွက် သန္တာကျောက်တန်းများ ပျက်စီးသွားမည်ကို စိုးရိမ်ရသည်ဟု မာန်အောင်မြို့ခံ ကိုအောင်မြင့်သူက ပြောသည်။ 

“သန္တာကျောက်တန်းနဲ့ပတ်သက်လို့ သုတေသနပညာရှင်တွေ လာရောက်ကြည့်ရှုပြီး ဒီသန္တာကျောက်တန်းတွေ မပျက်စီးအောင် သုတေသနတွေလုပ်မယ်၊ မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကို ဒေသခံတွေကို ရှင်းပြသင့်တယ်ပေါ့။ အခုက ဘယ်အဖွဲ့အစည်းကမှ ထိန်းသိမ်းစောက်ရှောက်မှုလုပ်ဖို့အတွက် လာရောက်ပြီး တိုက်တွန်းမှုလုပ်တာ မတွေ့ရသေးဘူး” ဟု ၎င်းက ပြောသည်။ 

မာန်အောင်ကမ်းခြေရှိ သန္တာကျောက်တန်းမှာ ၃ ဧကကျော်ခန့် ကျယ်ဝန်းပြီး သန္တာကျောက်တန်းကို စနစ်တကျထိန်းသိမ်းပြီး ကာကွယ်မှုများပြုလုပ်နိုင်ပါက ခရီးသွားများကို  ဆွဲဆောင်နိုင်သည့် နေရာတစ်ခုဖြစ်လာနိုင်သည်ဟု ဒေသခံများက ရှုမြင်ထားကြသည်။ 

သန္တာကျောက်တန်းမှာ သန္တာကောင်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ကျောက်ဆောင်၊ ကျောက်တန်းကဲ့သို့ သွင်ပြင်လက္ခဏာရှိသော ရေအောက်ဂေဟစနစ်တစ်ခုဖြစ်သည်။ သန္တာကောင်များမှ ပေါက်ပွားထွက်လာသော ထုံးကျောက်အစိုင်အခဲများသည် တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်း ပွားများလာခဲ့လာမှ အစိုင်အခဲကြီးတစ်ခုဖြစ်အောင် ဆက်မိသွားပြီး ရာစုနှစ်ပေါင်းများစွာကြာသောအခါ သန္တာအသေကောင် ကုဋေပေါင်းများစွာပါဝင်သော ကျောက်တန်းသစ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ 

#R005

ဗီဒီယိုများ