ဒေါ်လာနှင့်ပတ်သက်သည့် ဗဟိုဘဏ်မူဝါဒကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူများ အခက်ကြုံ

ဒေါ်လာများကို ၂၄ နာရီအတွင်းလဲလှယ်ရန်နှင့် ဗဟိုဘဏ်မှ သတ်မှတ်ထားသော ၁၈၅၀ ကျပ်ဖြင့်သာ လဲလှယ်ရခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများနှင့်ကြုံတွေနေရကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

12 Apr 2022

DMG ၊ ဧပြီ ၁၂

ဒေါ်လာများကို ၂၄ နာရီအတွင်းလဲလှယ်ရန်နှင့် ဗဟိုဘဏ်မှ သတ်မှတ်ထားသော ၁၈၅၀ ကျပ်ဖြင့်သာ လဲလှယ်ရခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများနှင့်ကြုံတွေနေရကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

ဘင်္ဂလားဒေ့ရှ့်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွင် ဒေါ်လာကိုအဓိကအသုံးပြုကာ ရောင်းဝယ်နေရခြင်းဖြစ်ပြီး ယခုကဲ့သို့တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြင့်သာ ပြန်လည်လဲလှယ်ခွင့်ရှိသည့်အတွက် လုပ်ငန်းရှင်အချို့မှာ အရှုံးပေါ်မှုများလည်းရှိနေကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုအောင်အောင်ကဆိုသည်။

“အချို့ဆိုရင် ကုန်တွေကိုအရှုံးခံပြီးရောင်းရတာရှိတယ်။ အချို့ဆိုရင် အရှုံးခံရောင်းဖို့အတွက်တောင် အဆင်မပြေတာတွေလည်းရှိတယ်။ အဓိကတော့ ငွေကိုလဲပြီးရင်လည်း ဘဏ်ကငွေထုတ်တဲ့အခါ ငွေသားကိုလိုသလောက်မရတာ။ နောက်တစ်ခုက ဝယ်ထားတဲ့ပစ္စည်းကလည်း ဒေါ်လာဈေးနဲ့မကိုက်တာတွေ ဖြစ်တာပေါ့”ဟု သူကဆိုသည်။

ထို့အပြင် ယခုကဲ့သို့သတ်မှတ်ချက်ကြောင့် မှောင်ခိုငွေကြေးရောင်းဝယ်မှုများကိုဖြစ်ပေါ်စေနိုင်ပြီး အစိုးရအနေဖြင့်လည်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရန်လိုအပ်ကြောင်း အမည်မဖော်လိုသည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကဆိုသည်။

“အချို့ဆိုရင် ဟိုကလွှဲတဲ့ငွေကို စင်ကာပူမှာရှိတဲ့ဘဏ်ကိုပဲ လွှဲခိုင်းတယ်။ ပြီးတော့ရန်ကုန်ဘက်ကနေ အခြားနိုင်ငံက ပစ္စည်းဝယ်မယ့်သူတွေနဲ့ချိတ်ဆက်ပြီး သူတို့ကိုပြန်ရောင်းတာမျိုးတွေလုပ်တယ်။ အဲလိုဆိုရင် တစ်ဒေါ်လာကို ၁၉၀၀ ကျော်လောက်ရတယ်လေ။ ဒါမျိုးတွေကိုလည်း စနစ်တကျကိုင်တွယ်ပေးဖို့လိုတယ်။ အခုက ပဲ့နင်းဦးထောင်ဆိုသလိုဖြစ်နေပြီ”ဟု ၎င်းကပြောသည်။

ထို့အပြင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ဘဏ်မှငွေထုတ်ရာတွင်လည်း အကန့်အသတ်ဖြင့်သာရရှိခြင်း၊ ငွေထုတ်ရန်ကြန့်ကြာမှုများရှိနေခြင်းတို့ကြောင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း ကိုအောင်အောင်ကဆိုသည်။

“ငွေထုတ်တဲ့အချိန် ဘဏ်မှာငွေသားမရှိရင် အကောင့်ထဲပဲလွှဲတယ်။ ဒါပေမယ့် ဒီဘက်မှာက အလုပ်သမားဖိုးရှင်းဖို့၊ ကုန်ဖိုးရှင်းဖို့ကျတော့ ငွေသားလိုတယ်လေ။ ဒါတွေကြောင့် ကုန်သွယ်ရေးလုပ်တဲ့အခါမှာလည်း အများကြီးအခက်တွေ့ရပါသေးတယ်”ဟု ၎င်းကရှင်းပြသည်။

ယခုကဲ့သို့ပြင်ဆင်သတ်မှတ်လိုက်သည့် ဗဟိုဘဏ်၏မူဝါဒကြောင့် မှောင်ခိုဈေးကွက်များ ပိုမိုတွင်ကျယ်လာနိုင်ကြောင်းကိုလည်း ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးကသုံးသပ်ပြောဆိုသည်။

“အခုလည်း စီးပွားရေးမှာက အများကြီးထိခိုက်နေတယ်။ နောက်ပိုင်းမှာ ငွေကြေးဖောင်းပွမှုတွေ၊ ဈေးနှုန်းမြင့်တက်တာတွေဆက်ဖြစ်လာနိုင်တယ်။ ကျပ်ငွေတန်ဖိုးလည်း ကျလာနိုင်တယ်။ ပိုဆိုးတာကတော့ မှောင်ခိုဈေးကွက်တွေ၊ လုပ်ငန်းတွေ ပိုတွင်ကျယ်လာနိုင်တယ်။ တရားဝင်တင်သွင်းမှုတွေအားနည်းလာပြီး လူတွေက မှောင်ခိုကိုအားကိုးလာရတာတွေဖြစ်လာနိုင်တယ်”ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံမှ ပြည်တွင်းနေသူများအနေဖြင့် နိုင်ငံခြားငွေဖြင့်ရသောဝင်ငွေကို မြန်မာငွေကျပ်ဖြင့် အလုပ်လုပ်ရက် (၁)ရက်အတွင်းတွင် နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရရှိထားသော ဘဏ်များတွင်သာ လဲလှယ်ရောင်းချရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂ဝ၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က အမိန့်ကြော်ငြာစာအမှတ်- ၁၂/၂၀၂၂ ဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ထားသည်ကို မလိုက်နာပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဗီဒီယိုများ