ကိုဗစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပိတ်ရန် ပြည်နယ်စစ်ကောင်စီက ညွှန်ကြားထားသဖြင့် ကုန်များကို ၁၅ ရက်နေ့မတိုင်မီ အပြီးပြေးဆွဲနေရ

ရခိုင်တွင် ကိုဗစ်ပိုးကူးစက်မှုနှုန်းမြင့်တက်လာနေသဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယခုဇူလိုင်လ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပိတ်ပင်ရန် ညွှန်ကြားထားသဖြင့် ကုန်ပစ္စည်းများကို ၁၅ ရက်နေ့အမှီ ပြေးဆွဲနေရသည်ဟု ကုန်သည်စက်မှုလက်မှုအသင်းများထံမှ သိရသည်။

11 Jul 2021

DMG ၊ ဇူလိုင် ၁၁

ရခိုင်တွင် ကိုဗစ်ပိုးကူးစက်မှုနှုန်းမြင့်တက်လာနေသဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယခုဇူလိုင်လ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပိတ်ပင်ရန် ညွှန်ကြားထားသဖြင့် ကုန်ပစ္စည်းများကို ၁၅ ရက်နေ့အမှီ ပြေးဆွဲနေရသည်ဟု ကုန်သည်စက်မှုလက်မှုအသင်းများထံမှ သိရသည်။

ရခိုင်တွင် ကိုဗစ်ပိုးတွေ့ရှိနေသူများမှာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ၌ ဆောင်ရွက်နေသူများ၊ ပြည်တွင်း ခရီးသွားလာသူများနှင့် တာဝန်နှင့်ပြောင်းရွှေ့လာသူများဖြစ်သဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းအား ခေတ္တ ပိတ်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဟု ပြည်နယ်စစ်ကောင်စီက ဇူလိုင်လ ၄ ရက်နေ့က ရခိုင်ပြည် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ၁၅ ရက်နေ့ပိတ်မည်ဟု သတင်းများကြားသိရသော်လည်း တရားဝင်အကြောင်းကြားစာမရောက်ရှိသေးဖြင့် ကုန်သွယ်ရေးလိုင်းများကို လက်ရှိအချိန်ထိ ပုံမှန်ပြေးဆွဲနေဆဲဖြစ်သည်ဟု မောင်တောနယ်စပ်ကုန်သွယ်ရေး ဦးစီးအရာရှိ ဦးသာထွန်းစိန်က ပြောသည်။

“ကျနော်တို့ အနေနဲ့တော့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ဒီလ ၁၅ ရက်နေ့ကနေစပြီး လကုန်တဲ့အထိ ယာယီပိတ်မယ်လို့တော့ သတင်းတွေမှာဖတ်ရတယ်။ အကြောင်းကြားစာကတော့မရောက်သေးဘူး။ ကုန်သွယ်ရေးလိုင်းကတော့ ပုံမှန်အတိုင်း သွားလာနေတုန်းပါပဲ။ ပိတ်မယ်ဆိုရင်လည်း ကျနော်တို့က ပိတ်မယ်ဆိုရင်ပိတ်ရမှာပေါ့” ဟု ၎င်းကပြောသည်။

ယင်းကြောင့် ကုန်သည်များမှာ ကုန်ပစ္စည်းများကိုသတ်မှတ်ထားသည့်ရက်အမှီ အကုန်ပြေးဆွဲနေကြရကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးတင်အောင်ဦးက ပြောသည်။

“ကျနော်တို့ကတော ဒီပိတ်ရမယ့်အကြောင်းတွေရယ် အမှီပြေးဆွဲဖို့ရယ် ကုန်သည်တွေကို အသိပေးထားပါပြီ။ အရင်ကိုဗစ်ဖြစ် တုန်းကတော့ ရက်အကန့်အသတ်မရှိပိတ်လိုက်ရတဲ့အတွက် ဘယ်တော့ ပြန်ဖွင့်မယ်မှန်းလည်း မသိရတော့ နစ်နာမှုတွေတော့ရှိခဲ့တာပေါ့။ ဒါပေမယ့် အခုဟာက အကန့်အသတ်နဲ့ပိတ်မှာလေ။ ကန့်သတ်ထား တဲ့ရက်ကျော်ရင် ပြန်ဖွင့်မှာဆိုတော့ ကုန်သည်တွေအတွက်လည်း နစ်နာမှုသိပ်ရှိမယ်လို့တော့မထင်ပါဘူး’’ ဟု ၎င်းက ဆိုသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် မေလကနေ  ဇူလိုင်လ ၁၀ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ရ၉၃ ဦးအထိရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၄၁ ဦးရှိကာ သေဆုံးသူ ၁၀ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ