စိုက်ပျိုးရေးလုပ်ငန်း အားနည်းလာခြင်းကြောင့် ရခိုင်ဒေသထွက်ကုန်များ ပြည်ပတင်ပို့မှု ကျဆင်းနေရ

မြန်မာနိုင်ငံအနှံ့မှ ဒေသထွက်ကုန်များကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြသည်။

08 Feb 2022

Photo - RSCCI

DMG ၊ ဖေဖေါ်ဝါရီ ၈

မြန်မာနိုင်ငံအနှံ့မှ ဒေသထွက်ကုန်များကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြသည်။

ထိုသို့တင်ပို့သည့်ကုန်ပစ္စည်းများတွင် ကြက်သွန်၊ ဇီးသီးခြောက်၊ မန်ကျည်းသီးခြောက်၊ ချင်းနှင့် ရေချိုငါး၊ ငနီတူခြောက်၊ ငါးမြစ်ချင်းခြောက်၊ ငါးမုတ်တို့အပြင် ကတ္တီပါဖိနပ်တို့ကို အဓိကတင်ပို့နေခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့သည့် ကုန်ပစ္စည်း ၁၀၀ ရာခိုင်နှုန်းတွင် ရခိုင်ဒေသထွက်ကုန်မှာ (၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း)အထိသာပါဝင်ကြောင်း နယ်စပ်ကုန်သွယ်ရေးတာဝန်ရှိသူများထံမှ သိရသည်။

ယခင်က ရခိုင်ဒေသထွက်ကုန်များဖြစ်သည့် (ဝါး၊ ကြိမ်၊ ဆား၊ ဆန်စပါး၊ မတ်ပဲ၊ မြေပဲထောင့်၊ ကွမ်းသီး၊ ဆနွမ်း၊ ငရုပ်၊ ပြောင်း၊ ကြက်သွန်၊ မုံညှင်း၊ ဖရဲအပြင်) ရေထွက်ပစ္စည်းများဖြစ်သည့် (ငနီတူခြောက်၊ ယူးဇနငါး) စသည့်တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နိုင်ခဲ့သည်။ လက်ရှိတွင် (ဝါး၊ ကြိမ်၊ အုန်းသီး၊ မတ်ပဲ၊ ကွမ်းသီး၊ ငနီတူခြောက်၊ ယူးဇနငါး)စသည့်တို့ကိုသာ တင်ပို့လျက်ရှိသည်။

ရခိုင်ဒေသထွက်ကုန်များမှာ အရည်အသွေးမီသော်လည်း ထုတ်လုပ်မှုအားနည်းသဖြင့် ပို့ကုန်တင်ပို့မှုအပိုင်းတွင် အားနည်းနေရခြင်းဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်ကပြောသည်။

“ထုတ်လုပ်မှုက လုပ်တဲ့အခါလုပ်တယ်၊ မလုပ်တဲ့အခါမလုပ် ပုံစံမျိုးနဲ့အဆင်မပြေဘူး။ ဒီနှစ်ပြောင်းစိုက်ပြီးတော့ နောက်နှစ်မစိုက်တော့ဘူးဆိုတော့ ဝယ်ယူဖို့အတွက်အခက်အခဲဖြစ်တယ်”ဟု ဦးအောင်အောင်ကဆိုသည်။

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကုန်ပစ္စည်းများကို ဈေးကွက်ထိုးဖောက်ဝင်ရောက်ရာ၌ မသေချာသည့်ပစ္စည်းများကိုတင်ပို့မည့်အစား သေချာသည့်ပစ္စည်းများကိုသာ တင်ပို့ရသည်ဟု ၎င်းကဆက်ပြောသည်။

ရခိုင်ပြည်အတွင်းက ကျေးလက်နေပြည်သူ ၇၅ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြပြီး စိုက်ပျိုးရေးကိုအခြေခံသော ပြည်နယ်တစ်ခုအဖြစ် ထင်ရှားသည်။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အပြင် ရခိုင်ရိုးမတောင်တန်းမှ မုတ်သုံမိုးများရွာသွန်းစေခြင်းကြောင့် မိုးများပြီး ရေခံမြေခံကောင်းသော ပြည်နယ်လည်းဖြစ်သည်။

ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ တစ်ပြည်နယ်လုံးတွင် စိုက်ပျိုးရေးဧက ၁၂ သိန်းခွဲကျော်ရှိပြီး ယင်းထဲတွင် ဆောင်းသီးနှံစိုက်ပျိုးသည့်ဧကမှာ ၅ သိန်း ၄ သောင်း ၂ ထောင်ကျော်ရှိသည်။

ရခိုင်ပြည်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များတွင် ဆောင်းသီးနှံကို အဓိကစိုက်ပျိုးကြပြီး ခရမ်း၊ အားလူး၊ ငရုတ်၊ သခွါး၊ မြေပဲ၊ မုံညင်း၊ ဖရဲ၊ ဂေါ်ဖီ၊ မတ်ပဲ စသည်တို့ပါဝင်သည်။

လက်ရှိတွင် ဆောင်းသီးနှံစိုက်ပျိုးသည့်ဧကမှာ တစ်ပြည်နယ်လုံးအတိုင်းအတာအရ ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

ဈေးကွက်အာမခံချက်မရှိခြင်းနှင့် လုပ်အားကျဆင်းလာခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သည့်တောင်သူ နည်းပါးလာရသည်ဟု ကျောက်တော်မြို့နယ်၊ ပြောင်းဆိပ်ကျေးရွာမှ တောင်သူ ဦးအောင်ကျော်မြက ပြောသည်။

“ရခိုင်မှာ အရင်ကဆိုရင် စပါးကိုလည်းပုံမှန်စိုက်ပျိုးတယ်။ လယ်သမားတိုင်းကလည်း ဆောင်းသီးနှံကို တစ်ပိုင်တနိုင်စိုက်ပျိုးကြတယ်။ နောက်ပိုင်းမှာ စပါးဆန်ဈေးကွက်ပျက်စီးလာတယ်။ ဓာတ်မြေသြဇာဈေးနှုန်းတွေက မြင့်လာတယ်။ ဆန်စပါးစိုက်ပျိုးလို့ အဆင်မပြေဖြစ်လာတယ်။ ဆောင်းသီးနှံစိုက်ပျိုးရင်လည်း ဈေးကွက်အာမခံချက်မရှိ။ ဒါကြောင့်လည်း စိုက်ပျိုးရေးလုပ်ကိုင်သူနည်းလာတယ်”ဟု ၎င်းကဆိုသည်။

စိုက်ပျိုးရေးလုပ်ကိုင်သူများမှာ မသေချာသည့်ဈေးကွက်နှင့် အောင်မြင်မှုမရှိသောလုပ်ငန်းများကို စွန့်ခွာကာ နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့လုပ်ကိုင်မှု ပိုမိုများပြားလာနေသည်။

သီးနှံစိုက်ဧကနည်းလာသည်နှင့်အမျှ ဒေသထွက်ကုန်ကျဆင်းလာကာ လက်ရှိရခိုင်ပြည်အတွင်း ဒေသခံများမှာ ပြည်မမှဝင်ရောက်လာသော သစ်သီးဝလံများကို ဈေးပိုပေး၍ဝယ်ယူစားသုံးနေကြရသည်။

ရခိုင်ပြည်၏ စိုက်ပျိုးရေးလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် အစိုးရအနေဖြင့် လုပ်ဆောင်ပေးသင့်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ တာဝန်ခံ ဦးမျိုးမင်းအောင်ကပြောသည်။

“ဒါက အစိုးရဘက်မှာ တာဝန်ရှိတယ်။ လယ်သမားတွေကို ဆောင်းသီးနှံစိုက်ပျိုးလာအောင် လုပ်ဆောင်ပေးရမယ်။ ကျန်တာဝန်ရှိတဲ့အဖွဲ့အစည်းတွေကလည်း ကူညီဆောင်ရွက်ပေးသင့်တယ်”ဟု ဦးမျိုးမင်းအောင်ကဆိုသည်။

စိုက်ပျိုးမြေဧက ၁၂ သိန်းခွဲကျော်ပိုင်ဆိုင်ထားသည့် ရခိုင်ပြည်တွင် ခေတ်မီနည်းပညာနှင့် စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်မည်ဆိုပါက အောင်မြင်မှုရှိလာနိုင်သည်ဟု ကျောက်တော်မြို့မှ တောင်သူ ဦးမောင်ထွီးကပြောသည်။

“ကျွန်တော်တို့တောင်သူတွေ စိုက်ပျိုးရေးကို တွင်တွင်ကျယ်ကျယ်လုပ်ဖို့အတွက် နည်းပညာလည်းလိုတယ်။ ဈေးကွက်လည်းရှိဖို့လိုတယ်။ ပြီးတော့ အရင်းအနှီးလည်းလိုအပ်တယ်။ အခုက ဆင်းရဲတွင်းထဲမှာ ဘဝတွေနစ်မြုပ်နေရတာက ကျွန်တော်တို့မှာဘာမှမရှိဘူး။ ကျွန်တော်တို့မှာ မြေခံရေခံရှိတယ်။ ဒီလိုအပ်နေတဲ့အရာသုံးခုကို လုပ်ဆောင်ပေးမယ်ဆိုရင် မအောင်မြင်စရာအကြောင်းမရှိဘူး”ဟု ဦးမောင်ထွီးကပြောသည်။

လက်ရှိမှာ ရခိုင်ကတောင်သူတစ်ချို့ နွေစပါးစိုက်ပျိုးရေးကိုလုပ်ကိုင်နေကြသော်လည်း ဆည်မြောင်းတာတမံ နည်းပါးခြင်းကြောင့် ရေအခက်အခဲများနှင့်ကြုံတွေ့နေကြရသည်။

တောင်သူများလိုအပ်နေသည့် ဈေးကွက်အာခံချက်လုပ်ဆောင်ပေးမည်ဆိုပါက ရခိုင်ပြည်နယ်၏ စိုက်ပျိုးရေးလုပ်ငန်း တိုးတက်အောင်မြင်လာပြီး ဒေသထွက်ကုန်တင်ပို့မှုမှာလည်း မြင့်တက်လာနိုင်သည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။

“အာမခံပေးမှုအပိုင်းမှာလည်း အခြားနိုင်ငံက ကုန်စည်တွေကို ဒီနှစ်ပဲဝယ်မယ်၊ နောက်နှစ်ဝယ်ချင်မှ ဝယ်မယ်၊ အဲလိုသဘောမျိုးတွေလည်းရှိတယ်။ ဒီအပိုင်းကျတော့ နှစ်ဖက်အစိုးရ သဘောတူညီမှုတွေလိုအပ်လာတယ်။ ဥပမာ- ဆားကိုဒေါ်ဘယ်လောက်နဲ့ ငါးနှစ်စာရောင်းမယ်။ သုံးနှစ်ယူမယ် အဲလိုမျိုးတွေလိုလုပ်ဖို့ လိုအပ်လာတယ်”ဟု ဦးအောင်အောင်က ဆိုသည်။

ယခင်က ရခိုင်ပြည်တွင် စိုက်ပျိုးရေးလုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်ခဲ့သဖြင့် ပြည်တွင်း၌ စားသုံးပိုချန်ရုံသာမက ပြည်ပနိုင်ငံများကိုပါ တင်ပို့ရောင်းချနိုင်ခဲ့သည်။ ရခိုင်ဒေသထွက်ကုန်ရောင်းနှုန်းမှာ ပျဉ်းမျှအားဖြင့် တစ်နေ့လျှင်ကျပ်သန်း(၈)ရာခန့် ဝင်ငွေရှိခဲ့ကြောင်း တောင်သူလယ်သမားသမဂ္ဂမှရရှိထားသော စစ်တမ်းတစ်ခုအရ သိရသည်။

ရခိုင်ပြည်သည် ရှေးယခင်ကပင် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းဖြင့် ထင်ရှားခဲ့သည်။ ၁၉ ရာစုတွင် တစ်နှစ်ပျမ်းမျှ တန်ချိန် ၁၅၀၀၀၀ တင်ပို့နိုင်ခဲ့ပြီး စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းကမ်းနားတစ်လျှောက်တွင် ဆန်စက် ၃၃ လုံးအထိ ရှိခဲ့သည်။

ယင်းသို့ စိုက်ပျိုးရေးလုပ်ငန်းအောင်မြင်ခဲ့သဖြင့် အင်္ဂလိပ်ခေတ်တွင် စစ်တွေမြို့ကို ဆန်မြို့တော်ဟုခေါ်တွင်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လွပ်ရေးရပြီးနောက်ပိုင်း ၁၉၉၇ မှစ၍ ရခိုင်ပြည်နယ်၏ စိုက်ပျိုးရေး၊ စီးပွားရေးလုပ်ငန်းများကျဆင်းခဲ့ကာ ယနေ့အချိန်ထိ နိုင်ငံ၏ ဒုတိယအဆင်းရဲဆုံး ပြည်နယ်စာရင်းမှာ ပါဝင်နေသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်အတူ ၁၀ စုနှစ်ကာလအတွင်း ရခိုင်ပြည်နယ်၏ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုကိုမလုပ်ဆောင်ခဲ့သလို အရင်းအနှီးရှိသူများအနေဖြင့်လည်း စိုက်ပျိုးရေးလုပ်ငန်းအပေါ် အာရုံစိုက်မှုအားနည်းခဲ့ကြသည်ဟု ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(REIC)မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ရှုမြင်သည်။

“ဒီနေ့ထိ အစိုးရအဆက်ဆက်ရဲ့ပေါ်လစီဟာ စီးပွားရေးနဲ့ပတ်သက်တဲ့ ပေါ်လစီဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပေါ်လစီဖြစ်ဖြစ် အဲဒီပေါ်လစီတွေဟာ မစားရဝခမန်း ပေါ်လစီ၊ စိန်နားကပ်ကြီးပန်ရသလို ပေါ်လစီတွေနဲ့ပဲ သွားနေတယ်”ဟု ဦးခင်မောင်ကြီးကဆိုသည်။

ရခိုင်ပြည်၏ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများရှင်သန်လာရေးမှာ ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို မြေတောင်မြှောက်ပြီးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဗီဒီယိုများ