မင်းပြားတွင် စစ်ကျန်လက်နက်ပေါက်ကွဲ၍ ဒေသခံ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်စခန်းချခဲ့သည့်နေရာမှ စစ်ကြွင်းကျန် ဗုံးသီးတစ်လုံးကို နေအိမ်သို့ကောက်ယူလာပြီး တူဖြင့်ထုကြည့်ရာမှ ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

By Admin 07 Apr 2024

ဓာတ်ပုံ - APM 
ဓာတ်ပုံ - APM 

DMG ၊ ဧပြီ ၇

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာတွင် ဧပြီ ၆ ရက်၊ မွန်းလွဲ ၂ နာရီကျော်အချိန်က စစ်ကျန်လက်နက် ဗုံးသီးတစ်လုံး ပေါက်ကွဲ၍ အမျိုးသား ၁ ဦး သေဆုံးပြီး မိန်ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ 

သေဆုံးသွားသူမှာ ဦးလှကျော်ခိုင် (၆၀)နှစ်ဖြစ်ပြီး ၎င်း၏သမီးဖြစ်သူ မခင်မာနွယ် (၂၈)နှစ်မှာ ကျောကုန်း၌ ပြင်းထန်ဒဏ်ရာရရှိသွားသည်။  

ယမန်နေ့က ဦးလှကျော်ခိုင်သည် စစ်ကောင်စီတပ်စခန်းချခဲ့သည့်နေရာမှ စစ်ကြွင်းကျန် ဗုံးသီးတစ်လုံးကို နေအိမ်သို့ကောက်ယူလာပြီး တူဖြင့်ထုကြည့်ရာမှ ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

“ဗုံးသီးကို တူနဲ့ထုတဲ့သူက လက်နှစ်ဖက်လုံး ပြတ်ထွက်ပြီး ပွဲချင်းပြီးသေသွားတယ်။ အနားမှာရှိတဲ့ သမီးကတော့ ဒဏ်ရာပြင်းပြင်းထန်ရသွားတယ်” ဟု င/တန်ပျင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြင်းထန်ဒဏ်ရာရရှိသွားသည့် မခင်မာနွယ်မှာ အသက်အန္တရာယ်စိုးရိမ်ရပြီး အရေးပေါ်ဆေးကုသမှုခံယူနေရသည်။ 

မတ်လ ၃၀ ရက်ကလည်း မင်းပြားမြို့တွင် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိသွားသည်။ ယင်းနေ့၌ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ နယ်မြေခံ (၃၂) ရဲတပ်ရင်းအနီး ဒိုးတန်းတောင်တွင်လည်း ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်။ 

တိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု မြင့်တက်နေခြင်းမှာ အသိပညာဗဟုသုတရရှိမှု အားနည်းခြင်းကြောင့်ဟု ပြောဆိုကြသည်။ 

“အခုလိုတိုက်ပွဲကာလမှာ မြေမြှုပ်မိုင်းအပြင် ပေါက်ကွဲစေတက်တဲ့ စစ်အသုံးဆောင်ပစ္စည်းတွေနဲ့ ပတ်သတ်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်” ဟု ရခိုင်ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်စစ်ပွဲကာလအတွင်း မင်းပြား၊ ကျောက်ဖြူ၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ အမ်းမြို့နယ်တို့တွင် မိုင်းနှင့်စစ်ကျန်လက်နက်ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၂၀ ကျော် အထိ ရှိလာသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတက်သည့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်လာနေပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ထိခိုက်သေဆုံးသူ ၃၉၀ ဦးသာရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် သေဆုံးသူ ၁၈၈ ဦးနှင့် ဒဏ်ရာရသူ ၈၆၄ ဦး စုစုပေါင်း ၁,၀၂၅ ဦးအထိရှိကြောင်း UNICEF Myanmar မှ ထုတ်ပြန်ထားသည်။ 

“အခုလိုထိခိုက်သေဆုံးမှုတွေကို လျှော့ချနိုင်ဖို့အတွက် စစ်ပွဲတွေရပ်တန့်ဖို့လိုတယ်။ စစ်ဖြစ်နေသရွေ့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိနေမှာ” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ လနီးပါးရှိလာပြီး AA က ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ် တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

လက်ရှိတွင် ဘူးသီးတောင်၊ မောင်တော၊ အမ်းမြို့နယ်တို့ကို ထပ်မံသိမ်းပိုက်နိုင်ရေး AA က ထိုးစစ်ဆင်နေသဖြင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။ 

ဗီဒီယိုများ