စစ်ကောင်စီလက်ချက်ကြောင့် ရခိုင်တွင် နှစ်ရက်အတွင်း အရပ်သားသေဆုံးဒဏ်ရာရသူ ၁၅ ဦးရှိ

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၁၅ ၊ ၁၆ နှစ်ရက်တာအတွင်း အရပ်သားသေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦးအထိ ရှိသည်။  

By Admin 17 Jan 2024

ဓာတ်ပုံ - cincds
ဓာတ်ပုံ - cincds

သေဆုံးသူများမှာ စစ်တွေတွင် ၁ ဦး၊ ဘူးသီးတောင်တွင် ၂ ဦးနှင့် မြောက်ဦးတွင် ၂ ဦးဖြစ်ပြီး ဒဏ်ရာရသူများမှာ စစ်တွေတွင် ၁ ဦး၊ ကျောက်တော်တွင် ၁ ဦး၊ မင်းပြားတွင် ၁ ဦး၊ မြောက်ဦးတွင် ၅ ဦးနှင့် ဘူးသီးတောင်တွင် ၂ ဦး ဖြစ်သည်။

စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာအတွင်း ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက ကံကော်ကျွန်းရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

“ပြည်သူတွေက တစ်ချိန်လုံး ဗုံးခိုကျင်းထဲမှာနေရမယ့် အခြေအနေလဖြစ်နေပြီ။ တိုက်ပွဲမဖြစ်ရင်တောင် စစ်ကောင်စီက ရွာတွေကို ပစ်နေတာ။ အခု ပြည်သူတွေမှာ ဘာတစ်ခုမှ လုပ်ကိုင်စားသောက်လို့ မရတော့ဘူး” ဟု ဝါဘိုကျေးရွာသားတစ်ဦးက ပြောသည်။  

စစ်ကောင်စီလက်နက်ကြီးကြောင့် ကျေးရွာသားများ သေဆုံးဒဏ်ရာရပြီးနောက် ဝါဘိုကျေးရွာမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။  

ဇန်နဝါရီ ၁၅ ရက်ကလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာမှ ဦးကျော်အေး(၅၅)နှစ်နှင့် ဦးဇော်မင်းအောင်(၄၅)နှစ် သေဆုံးသွားပြီး၊ ဦးစိုးသူ(၃၀)နှစ်၊ ဦးစိန်ကြီး(၇၀)နှစ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတို့မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။  

“ဂျက်တိုက်လေယာဉ်နဲ့ လေးကြိမ်လောက် လာပြီးတော့ ပစ်သွားတာ။ ရွာသားတွေက ပုံမှန်လှုပ်ရှားသွားလာနေတော့ ဗုံးကြဲတာနဲ့ တစ်ခါတည်းထိမှန်သွားတာ” ဟု မြောင်းဘွေကျေးရွာသားတစ်ဦးက ပြောသည်။ 

ရခိုင်ဒေသတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် နှစ်လတာအတွင်း အရပ်သားထိခိုက်သေဆုံးသူ စုစုပေါင်း ၃၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။

ဗီဒီယိုများ