လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီ သွေးထိုးလှုံ့ဆော်နေကြောင်း မွတ်ဆလင်များပြော

ဘူးသီးတောင်မြို့နယ်တွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် AA က ဖန်တီးနေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ဧပြီ ၁၈ ရက်တွင် စစ်ကောင်စီပိုင် မီဒီယာကတဆင့် စွပ်စွဲပြောဆိုထားသည်။ 

By Admin 19 Apr 2024

မိုခါမုန်တိုင်းဒဏ်သင့် မွတ်ဆလင်လူမျိုးများအား အာရက္ခတပ်တော်(AA)က ဆေးကုသမှုပေးနေစဉ်။ 
မိုခါမုန်တိုင်းဒဏ်သင့် မွတ်ဆလင်လူမျိုးများအား အာရက္ခတပ်တော်(AA)က ဆေးကုသမှုပေးနေစဉ်။ 

DMG ၊ ဧပြီ ၁၉

နိုင်ငံတဝန်းတွင် စစ်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ရခိုင်ပြည်တွင် ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းနှစ်ခုကြား လူမျိုးရေးပဋိပက္ခများဖြစ်အောင် ဖန်တီးနေသည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုသည်။ 

ဘူးသီးတောင်မြို့တွင် စစ်ကောင်စီက မွတ်ဆလင်များအား အတင်းအဓမ္မခေါ်ယူကာ စစ်သင်တန်းပေးပြီးနောက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ထွင်းခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသည်။

ထိုသို့လုပ်ဆောင်နေခြင်းမှာ ရခိုင်နှင့် မွတ်ဆလင်လူမျိုးကြား အထင်အမြင်လွဲကာ လူမျိုးရေးပဋိပက္ခဖြစ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု မွတ်ဆလင်များက ပြောဆိုကြသည်။ 

“ရခိုင်မှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်မှာကို AA က လိုလားတယ်လို့ ကျနော်တို့ မယူဆဘူး။ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရတွေကပဲ ဖန်တီးခဲ့တာ။ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ဖို့ ကြိုးပမ်းတာက မြန်မာစစ်တပ်ပဲဖြစ်တယ်။ အခုမှမဟုတ်ဘူး။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ကတည်းက အခုလိုဖြစ်ဖို့ ကြိုးစားနေတာ” ဟု စစ်တွေမြို့မှ မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။ 

ဘူးသီးတောင်မြို့နယ်တွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် AA က ဖန်တီးနေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ဧပြီ ၁၈ ရက်တွင် စစ်ကောင်စီပိုင် မီဒီယာကတဆင့် စွပ်စွဲပြောဆိုထားသည်။ 

“ကျနော်တို့အနေနဲ့ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဘယ်တုန်းကမှ မဖန်တီးခဲ့ဘူး။ ပဋိပက္ခဖြစ်လာရင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းပိုင်းဆိုင်ရာတွေဆိုတာ တာဝန်ခံရတယ်။ အဲဒါကြောင့် ဘယ်တုန်းကမှ လုပ်ဆောင်ခဲ့တာ မရှိပါဘူး။ ဘယ်တုန်းကမှလည်း မစတင်ခဲ့ဘူး။ နောင်မှာလည်း စတင်မှာ မဟုတ်ဘူးဆိုတာကို ပြတ်ပြတ်သားသားပြောချင်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ 

ယင်းအပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်းရှိ တိုင်းရင်းသားများနှင့် မွတ်ဆလင်များကြား ပဋိပက္ခမဖြစ်စေရေးအတွက် စစ်ကောင်စီအနေဖြင့် ကြိမ်းပမ်းဆောင်ရွက်လျက်ရှိသည်ဟု သူကပြောဆိုထားသည်။ 

လက်တွေ့မြေပြင်တွင် စစ်ကောင်စီကသာ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ပြီး ရခိုင်ပြည်အတွင်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံစည်းလုံးကာ စစ်ကောင်စီကို တော်လှန်မည်ကိုစိုးရိမ်၍ စိတ်ဝမ်းကွဲပြားအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်က မွတ်ဆလင်တစ်ဦးက ပြောသည်။ 

“အေအေအပေါ်မှာ မွတ်ဆလင်တွေ ယုံကြည်မှုရှိသွားပြီး အေအေက တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို မလုပ်နိုင်အောင် စစ်ကောင်စီက ဟန့်တားနေတာလို့ မြင်တယ်။ တကယ်လို့ ရခိုင်မှာ စစ်ကောင်စီမရှိဘဲ အေအေရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်သွားရင်တောင်မှ ရခိုင်ကို မတည်မငြိမ်ဖြစ်အောင် အချင်းချင်းကြားမှာ သွေးထိုး လှုံ့ဆော်မှုတွေလုပ်ပြီး အခုကတည်းက အကွက်ဆင် ကြိုးစားနေတာလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။ 

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီက မွတ်ဆလင်စစ်သွေးကြွအချို့ကို လက်နက်တပ်ဆင်ပေးထားပြီး ဒေသတွင်းမတည်ငြိမ်မှုများနှင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် ပုံစံမျိုးစုံဖြင့် ဖန်တီးနေသည်ဟု အာရက္ခတပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောထားသည်။ 

ဧပြီလ ၁၅ ရက်နေ့က ဘူးသီးတောင်မြို့အခြေစိုက် နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF) ရုံးခန်းနှင့် ဆေးပေးခန်း မီးရှို့ခံခဲ့ရသဖြင့် ဆေးဖက်ဆိုင်ရာနှင့် ရုံးအသုံးအဆောင်ပစ္စည်းများ မီးလောင်သွားသည့်အပြင် အနီး ပတ်ဝန်းကျင်ရှိ နေအိမ် ၂၀၀ ကျော်မီးလောင်ပျက်စီးသွားကြောင်း MSF မှ ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် ဘူးသီးတောင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ဘူးသီးတောင်ကို လက်လွတ်မဆုံးရှုံးရေး လေကြောင်း၊ လက်နက်ကြီးများဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်။ 

မောင်တောမြို့နယ်မှ ရခိုင်လူငယ်တစ်ဦးက “ဘူးသီးတောင်က တပ်ရင်း၊ တပ်မတွေ အများကြီးရှိတဲ့ မြို့နယ်တစ်ခု။ ဒီမြို့မကျရှုံးစေဖို့အတွက် စစ်ကောင်စီက အပြင်းအထန်ခုခံနေတယ်။ တစ်ဘက်မှာလည်း လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတယ်” ဟု ပြောသည်။ 

ရခိုင်ပြည်သိမ်းတိုက်ပွဲ ဆင်နွှဲနေသော AA ထိန်းချုပ်မှုအောက်တွင် ရခိုင်နှင့် မွတ်ဆလင်ကြား ဆက်ဆံရေးအခြေအနေမှာ တိုးတက်မှုရှိသည်ကို တွေ့ရကြောင်း နှစ်ဖက်အသိုင်းအဝိုင်းက ပြောဆိုထားကြသည်။ 

ဗီဒီယိုများ