ငပလီသို့ ဧည့်သည်လာရောက်မှုများပြား

သင်္ကြန်ပွဲနီးကပ်လာသည့်အတွက် ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေသို့ ဧည့်သည်လာရောက်မှု များပြားလျင် ရှိကြောင်း ဟိုတယ်လုပ်ငန်းရှင်များကပြောဆိုသည်။

07 Apr 2022

DMG ၊ ဧပြီ ၇

သင်္ကြန်ပွဲနီးကပ်လာသည့်အတွက် ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေသို့ ဧည့်သည်လာရောက်မှု များပြားလျင် ရှိကြောင်း ဟိုတယ်လုပ်ငန်းရှင်များကပြောဆိုသည်။

လက်ရှိငပလီမြို့အတွင်းရှိ ဟိုတယ်အများစုမှာ ဘိုကင်များဖြင့်ပြည့်နက်နေပြီးဖြစ်သလို တည်းခိုခန်းအများစုမှာလည်း သင်္ကြန်ကာလအတွင်းတွင် အခန်းဘိုကင်ပြည့်နေပြီဖြစ်သည်ဟု မြပတ္တမြားဥယာဉ်ဟိုတယ်ပိုင်ရှင် ကိုသန့်ဇော်ဦးကပြောသည်။

"ဟိုတယ်အကုန်လုံးက ဘိုကင်တွေပြည့်နေပြီ။ သင်္ကြန်တွင်းမှာ တည်ခိုခန်းတွေဆိုလဲ အကုန်ဘိုကင်လုပ်ထားတာတွေရှိနေကြပြီးဆိုတော့ ဒီနှစ်က သကြန်ကာလမှာ ယခင်ကနှစ်တွေထက် ဧည့်သည်တော်တော်များမှာ သေချာတယ်"ဟု ၎င်းကဆိုသည်။

လာရောက်လည်ပတ်ကြသူအများစုမှာ ပြည်တွင်းရှိ ရန်ကုန်၊မန္တလေး၊ စစ်တွေဖက်မှ ခရီးသည်များဖြစ်ကြကြောင်းလည်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

ငပလီကမ်းခြေတွင် ယခုနှစ်သင်္ကြန်မှာ အထူးစည်ကားမည်ဟု ငပလီမြို့မှ မြို့မိမြို့ဖဖြစ်သူ ဦးထွန်းသန့်ကျော်ကပြောသည်။

"တော်တော်စည်မှာ ဒီနှစ်သင်္ကြန်က။ အခုလမ်းပေါ်တွေ ကမ်းခြေတွေမှာဆိုလဲ ဧည့်သည်တွေတော်တော်များများရှိနေတယ်။ အခုလို လူစည်ကားနေတာကိုမမြင်ရတာ ၂ နှစ်နီပါးလောက်တောင်ရှိနေပြီ။ ဒီနှစ်ရာသီမှာ ဟိုတယ်လုပ်ငန်းရှင်တွေ ဈေးရောင်းသူတွေလဲ အဆင်ပြေကြမှာဖြစ်တယ်"ဟု ၎င်းကပြောသည်။

ကိုဗစ်ကာလအတွင်း ဟိုတယ်လုပ်ငန်းအများစုမှာ အခက်အခဲ များစွာဖြင့် ရုန်းကန်ခဲ့ကြရကြောင်း ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုသည်။

ယခုအခါ ကိုဗစ်ရောဂါဖြစ်ပွားမှုမှာ လျှော့နည်းသွားပြီဖြစ်သည့်အတွက် နိုင်ငံခြားလေကြောင်းလိုင်းများအား ပြေးဆွဲမည်ဆိုပါက ခရီးသည် ပိုမိုရောက်ရှိနိုင်မည်ဟု ဟိုတယ်လုပ်ငန်းရှင်များက ပောဆိုကြသည်။

ဗီဒီယိုများ