ရခိုင်တွင် ဖေဖော်ဝါရီလအတွင်း တရားမဝင်သစ်တန်ချိန် ၅၄၀ ကျော် ဖမ်းဆီးရမိခဲ့ဟုဆို

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း တရားမဝင်သစ်တန်ချိန် ၅၄၀ ဒဿမ ၀၅၇၉ တန်အထိ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏စာရင်းများအရ သိရသည်။

02 Mar 2022

DMG ၊ မတ် ၂

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း တရားမဝင်သစ်တန်ချိန် ၅၄၀ ဒဿမ ၀၅၇၉ တန်အထိ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏စာရင်းများအရ သိရသည်။

အဆိုပါသစ်များကို သံတွဲခရိုင်နှင့် အမ်းမြို့နယ်တို့တွင် အများဆုံးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ သစ်အများစုမှာ တောင်သရက်သားများဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“တစ်လမှာ တန်ငါးရာကျော်ဆိုတာ အရမ်းများတဲ့ပမာဏလို့ပြောလို့ရတယ်။ အရင်တုန်းကဆိုရင် ရခိုင်မှာ တစ်လမှာမှသစ်တန်ချိန် လေးငါးဆယ်တန်လောက်ပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးမြေပြင်မှာဖမ်းမိတဲ့သစ်အများစုက တောင်သရက်သားတွေဖြစ်တယ်။ ဂွမှာဆိုရင် အကုန်လုံးတောင်သရက်သားချည်းပဲ။ ရေတပ်ကဖမ်းမိတဲ့ ဟာတွေကတော့ ကညင်၊ စကားဝါနဲ့ ကျွန်းသစ်တွေများတယ်” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

လက်ရှိဖမ်းဆီးရမိသော တရားမဝင်သစ်များကို သစ်တောဦးစီးဌာနမှ ၄၄ ကြိမ်၊ မြန်မာစစ်တပ်မှ ၃ ကြိမ် စုစုပေါင်းတစ်လအတွင်း ၄၇ ကြိမ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့က အခုနောက်ပိုင်းမှာ စစ်ကြောင်းတွေထိုးပြီးဖမ်းဆီးတာတွေရှိတယ်။ ဒီလိုဖမ်းဆီးလို့လည်း သစ်ဖမ်းဆီးရမိမှုက များလာတာဖြစ်တယ်။ တိုင်ကြားလာလို့ တပ်စစ်ကြောင်းမရှိရင် အဲဒီကရဲတပ်ဖွဲ့နဲ့ ကျွန်တော်တို့သစ်တောဝန်ထမ်းတွေပူးပေါင်းပြီး ဖမ်းဆီးတာတွေလုပ်နေတယ်”ဟု သံတွဲခရိုင်မှ သစ်တောအရာရှိတစ်ဦးက ဆိုသည်။

လက်ရှိတွင် သစ်များကိုဖမ်းဆီးမှုများလုပ်ဆောင်နေသော်လည်း မြေပြင်တွင်ဖမ်းဆီးသည့်အခါ သယ်ယူရလွယ်ကူပြီး အဖိုးနည်းသည့် တောင်သရက်သားများကိုသာဖမ်းဆီးပြနေကြောင်း ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ၊ ကုလားပြင်ကျေးရွာမှ ကိုထွန်းထွန်းဦးကပြောသည်။

“တကယ့်တကယ်တောအနက်ထဲမှာက ကညင်၊ ကညောင်းတွေကိုလှဲထား၊ ဖြတ်ထားတာမှ ပုံနေတာပဲ။ ဒါပေမယ့်ဖမ်းတော့ ဘာမှသုံးစားမရတဲ့ တောင်သရက်တွေကိုပဲ ဖမ်းပြကြတယ်။ ဒီဘက်မှာတောဆိုလို့ ဝါးတောပဲကျန်တော့တယ်”ဟု သူကဆိုသည်။

လက်ရှိတွင် ဂွမြို့နယ်အတွင်းတွင်လည်း တရားမဝင်သစ်ထုတ်လုပ်မှုများကို ပြောင်ပြောင်တင်းတင်းလုပ်ကိုင်လျှက်ရှိနေကြပြီး အချို့သော သစ်တောကြိုးဝိုင်းများဆိုလျှင် သစ်ပင်ကြီးငယ်များမရှိတော့ကြောင်း ကိုထွန်းထွန်းဦးက ပြောသည်။

ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန၏စာရင်းများအရ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က သစ်တောဖုံးလွှမ်းမှုဧရိယာ ၅၆ ဒသမ ၁ ရာခိုင်နှုန်းအထိရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ကောက်ယူခဲ့သောစစ်တမ်းများအရ သစ်တောဖုံးလွှမ်းမှုဧရိယာမှာ ၄၈ ဒသမ ၁၁ ရာခိုင်နှုန်းသာရှိတော့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ အိမ်နီးချင်းနိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှုဧရိယာများတိုးလာနေသော်လည်း မြန်မာနိုင်ငံတွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကြောင်း သုတေသနပြုလုပ်ထားသည့်စစ်တမ်းများအရ သိရသည်။

ဗီဒီယိုများ