ကုန်ကြမ်းရှားပါးမှုကြောင့် ရခိုင်က ပရိဘောဂလုပ်ငန်းများ ရပ်တည်ရခက်ခဲလာ

“သစ်တွေက ပိုက်ဆံရှိလို့ ဝယ်မယ်ဆိုရင်တောင် ဝယ်လို့မရတဲ့အထိ ရှားပါးသွားတာလို့ ပြောလို့ရတယ်။ ပရိဘောဂဆိုင်တွေဆိုတာက သစ်ကုန်ကြမ်းတွေရှိမှ လည်ပတ်နိုင်တာဆိုတော့ ဒီအခြေအနေမျိုးမှာ တော်တော်လေး ခက်ခဲတယ်”

By Admin 08 Nov 2023

စစ်တွေမြို့က ပရိဘောဂပစ္စည်း အရောင်းဆိုင်တစ်ခုကို ယခုနှစ် စက်တင်ဘာလက တွေ့ရစဉ်။ 
စစ်တွေမြို့က ပရိဘောဂပစ္စည်း အရောင်းဆိုင်တစ်ခုကို ယခုနှစ် စက်တင်ဘာလက တွေ့ရစဉ်။ 

DMG ၊ နိုဝင်ဘာ ၈ 

ရခိုင်ပြည်အတွင်းရှိ ပရိဘောဂလုပ်ငန်းများမှာ သစ်ရှားပါးမှု၊ သစ်ဈေးနှုန်း ကြီးမြင့်မှုတို့ကြောင့် ကုန်ကြမ်းအခက်အခဲများ ရှိနေပြီး ရပ်တည်ရခက်ခဲလာကြောင်း လုပ်ငန်းရှင်များက ပြောကြသည်။ 

ပရိဘောဂလုပ်ငန်းများတွင် ဘုရားဆောင်၊ တီဗီစင်၊ ဘီရို၊ တံခါးဘောင် စသည်တို့ကို ကျွန်းသစ်၊ ပျဉ်းကတိုး သစ်များဖြင့် ပြုလုပ်ကြသော်လည်း လက်ရှိတွင် ယင်းသစ်များမှာ တစ်တန်ကို ငွေကျပ် သိန်း (၄၀) နီးပါး ပေါက်ဈေး ရှိနေသည့်အပြင် ရှားပါးလာမှုကြောင့် ဝယ်မရဖြစ်နေကြောင်း သိရသည်။ 

“သစ်တွေက ပိုက်ဆံရှိလို့ ဝယ်မယ်ဆိုရင်တောင် ဝယ်လို့မရတဲ့အထိ ရှားပါးသွားတာလို့ ပြောလို့ရတယ်။ ပရိဘောဂဆိုင်တွေဆိုတာက သစ်ကုန်ကြမ်းတွေရှိမှ လည်ပတ်နိုင်တာဆိုတော့ ဒီအခြေအနေမျိုးမှာ တော်တော်လေး ခက်ခဲတယ်” ဟု စစ်တွေမြို့ရှိ ‘အောင်နန်းတော်’ ပရိဘောဂဆိုင်ပိုင်ရှင် ဦးစိုးဌေးက ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခု စစ်အာဏာမသိမ်းမီက ကျွန်းသစ်နှင့် ပျဉ်းကတိုးသစ် တစ်တန်ကို ငွေကျပ် ၁၅ သိန်း ခန့်သာ ရှိခဲ့သော်လည်း လက်ရှိတွင် အဆမတန် ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ပရိဘောဂလုပ်ငန်းတွင် ကျွန်းနှင့် ပျဉ်းကတိုး သစ်အစား ရေမနီ၊ တောပိန္နဲ၊ တောပိတောက် စသည့် သစ်ကြမ်းများကို အစားထိုးလုပ်ကိုင်နေရကြောင်း သိရသည်။

သို့သော်လည်း သစ်ကြမ်းများဖြင့် ပြုလုပ်သည့် ပရိဘောဂများကို လူကြိုက်နည်းပြီး၊ ဆီလီကွန်၊ အထပ်သားများဖြင့် ပြုလုပ်ထားသည့် တရုတ်နိုင်ငံထုတ် ပရိဘောဂပစ္စည်းများကို အစားထိုး သုံးစွဲလာကြသဖြင့် ပရိဘောဂလုပ်ငန်းမှာ ရပ်တည်ရခက်ခဲလာခြင်း ဖြစ်သည်။ 

ကျောက်ဖြူမြို့၊ စေတီတောင်ကွင်းရပ်ကွက်မှ ပရိဘောဂလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်မြင့်က “ဝါသနာပါလို့သာ လုပ်နေရတာ။ ဒီပုံစံအတိုင်းဆို ရေရှည်ရပ်တည်ဖို့ မလွယ်သလို ပရိဘောဂပစ္စည်းတွေ လုပ်ရတာကို စိတ်ဝင်စားတဲ့ မျိုးဆက်တွေတောင် ပျောက်ကွယ်သွားနိုင်တယ်” ဟု ပြောသည်။ 

ရခိုင်တွင် သစ်ရှားပါးလာရခြင်းမှာ တရားမဝင် သစ်ခုတ်ယူမှုကြောင့် သစ်တောများပြုန်းတီးလာခြင်း၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများတွင် အကောက်ခွန်နှုန်း အဆမတန် မြင့်တက်ခြင်း စသည်တို့ကြောင့် ဖြစ်သည်ဟု ပြောကြသည်။ 

ပုဏ္ဏားကျွန်းမြို့နယ်မှ သစ်စက်လုပ်ငန်းရှင်တစ်ဦးက “ဒေသတွင်း သစ်တောတွေမှာရှိတဲ့ သစ်တွေကို ဒေသခံတွေ အသုံးပြုရတာက ဆယ်ပုံတစ်ပုံစာလောက်ပဲ ရှိတယ်။ ကျန်တာတွေက ပြည်မဘက်ကို ယူဆောင်သွားတာတွေ ရှိတယ်။ ပြီးတော့ ဒေသတွင်းက ထွက်တဲ့ သစ်ကို ကိုယ့်ဒေသတွင်း သယ်ယူရာမှာလည်း အခွန်အခအဖြစ် အဆမတန် ပေးဆောင်ရတာတွေ ရှိတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် အမ်း၊ တောင်ကုတ်၊ သံတွဲ စသည့် မြို့နယ်နှင့် ရခိုင်ရိုးမတောင်တန်းရှိ သစ်တောများမှ နှစ်ရှည်ကြာ တရားမဝင်သစ်ထုတ်ယူမှုတို့ကြောင့် သစ်တောပြုန်းတီးလာမှုများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ 

#D005 #DMG

ဗီဒီယိုများ