အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများတွင် သစ်တောပြုန်းတီးမှု များပြားလာ

အာဏာသိမ်းပြီးနောက် သစ်တောပြုန်းတီးကိုထိန်းသိမ်းရန် ခက်ခဲလာပြီး စီးပွားရေးလုပ်ငန်းရှင်များကလည်း အခွန်ကောက်ခံမှုနှုန်းကို မြှင့်တင်ပေးဆောင်ကာ စိတ်ကြိုက်ခြယ်လှယ်နေကြသည်။

By Admin 04 Jul 2023

ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း တရားမဝင်ခုတ်လှဲထားသော သစ်ပင်တချို့ကို ၂၀၂၂ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။
ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း တရားမဝင်ခုတ်လှဲထားသော သစ်ပင်တချို့ကို ၂၀၂၂ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။

DMG ၊ ဇွန် ၄

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် လေကြောင်းတိုက်ခိုက်မှု၊ သစ်ခိုးထုတ်မှု၊ ကြီးမားသော ရင်းနှီးမြုပ်နှံမှုများကြောင့် သစ်တောပြုန်းတီးမှု များပြားလာနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက ပြောကြသည်။

အာဏာသိမ်းပြီးနောက် သစ်တောပြုန်းတီးကိုထိန်းသိမ်းရန် ခက်ခဲလာပြီး စီးပွားရေးလုပ်ငန်းရှင်များကလည်း အခွန်ကောက်ခံမှုနှုန်းကို မြှင့်တင်ပေးဆောင်ကာ စိတ်ကြိုက်ခြယ်လှယ်နေကြသည်ဟု ပြောကြသည်။

“ဒေသခံ ဌာနေတိုင်းရင်းသားတွေအတွက် အကျိုးအမြတ်မရှိဘူး။ ဒေသခံတွေမှာ မြေ၊ သစ်ပင်တွေပဲ ဆုံးရှုံးပြီး သဘာဝတရား ဆိုးရွားတာကို ခံရတယ်။ ဒေသခံတွေက တားမြစ်ရင်လည်း အသက်အန္တရာယ်ခြိမ်းခြောက်တာ ခံရတယ်” ဟု ကချင်ဒေသ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိန်းသိမ်းရေး လှုပ်ရှားသည့်အဖွဲ့မှ မဆိုင်းယီက ပြောသည်။

သစ်တောပြုန်းတီးလာမှုနှင့်ပတ်သက်၍ “ရာသီဥတုပြောင်းလဲမှုကို ခုခံရန် ဌာနေလူထုအတွက်မျှော်လင့်ချက်” ခေါင်းစဉ်ဖြင့် Karen Rivers Watch အဖွဲ့က ဇူလိုင်လ ၁ ရက်နေ့တွင် Online စကားဝိုင်းတစ်ခု ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားဒေသများရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခ အရှိန်အဟုန်မြင့်မားလာပြီး တရားဥပဒေစိုးမိုးမှုနည်းပါးကာ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆုတ်ယုတ်သွားခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများက ပြောသည်။

“စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုတွေမရှိဘဲ ဥပဒေကပျက်စီးနေတော့ တိုင်းရင်းသားဒေသတွေမှာ သဘာဝဘေးအန္တရယ်ကို အလူးအလဲခံနေရတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစု(ABIPA) မှ နော်အက်စတာက ပြောသည်။

သစ်တောပြုန်းတီးခြင်း၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဆိုးကျိုးများကို ကြုံတွေ့နေရပြီး မြန်မာနိုင်ငံအောက်ပိုင်း ရခိုင်၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသများတွင် သဘာဝဘေးဒဏ်သင့်ခဲ့ရကာ သန်းနှင့်ချီပြည်သူများ ဒုက္ခရောက်ခဲ့ရသည်။

ထို့ကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသမှ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းတို့ထိန်းချုပ်ရာဒေသတွင် သစ်တောပြုန်းတီးမှုနှင့်ပတ်သက်၍ ကောင်းမွန်သောမူဝါဒများချမှတ်ကာ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သင့်ကြောင်း ပတ်ဝန်းကျင်ထိန်းရေး လှုပ်ရှားသူများက တိုက်တွန်းထားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU သစ်တောဌာနမှ ပဒိုမန်းဘထွန်းက “ဒီလိုအခြေနေမှာ စစ်ကောင်စီကို အားကိုးနေလို့ မရဘူး။ ကိုယ့်ဒေသမပျက်စီးဖို့ ကိုယ်တို့မှာ တာဝန်ရှိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်သုဉ်းလာခြင်း၊ ဂေဟစနစ်များ ပျက်စီးလာခြင်းတို့ကို နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

#R010

ဗီဒီယိုများ