အယ်နီညိုရာသီဥတုကြောင့် ရခိုင်တွင် နာမကျန်းဖြစ်မှုများလာ

ရာသီဥတုပူပြင်းမှုကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ပို၍နာမကျန်းအဖြစ်များနေပြီး အပူဒဏ်ကို ကာကွယ်ရန်အတွက် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များစွာ ရှိနေကြသည်။ 

By Admin 06 Apr 2024

အယ်နီညိုရာသီဥတုကြောင့် ရခိုင်တွင် နာမကျန်းဖြစ်မှုများလာ

DMG ၊ ဧပြီ ၆

အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်သိသိသာသာမြင့်တက်လာ၍ ရခိုင်ပြည်ရှိ ဒေသခံများမှာ ဖျားနာ၊ ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှော စသည့် နာမကျန်းရောဂါများ အဖြစ်များလာကြသည်။ 

ရာသီဥတုပူပြင်းမှုကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ပို၍နာမကျန်းအဖြစ်များနေပြီး အပူဒဏ်ကို ကာကွယ်ရန်အတွက် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များစွာ ရှိနေကြသည်။ 

“ရာသီဥတုအရမ်းပူလို့ နေဖို့နေရာတောင် မရှိဘူး။ ဒီရက်ပိုင်းအတွင်း ကလေးတွေရော လူကြီးတွေပါ ဖျားကြတယ်။ ကျမတို့နယ်ဘက်တွေမှာ ဆေးဝါးတွေလည်းပြတ်နေတော့ တော်တော်အခက်အခဲရှိတယ်။ ဓာတ်ဆားထုတ် တစ်ထုတ်သောက်ချင်လို့ ရှာမရဘူး” ဟု ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြသူများမှာလည်း အမိုးအကာမလုံခြုံ၍ နေထိုင်ရေးခက်ခဲမှု၊ သောက်သုံးရေရှားပါးမှု၊ ဝမ်းပျက်ဝမ်းလျှော၊ ဖျားနာ၊ ခေါင်းကိုက် စသည့် နာမကျန်းရောဂါမျိုးစုံကို ခံစားနေကြရသည်။ 

စစ်ဘေးရှောင်စခန်းများတွင် လူဦးရေများပြားပြီး စုပြုံနေထိုင်ကြရသဖြင့် ယခုကဲ့သို့ ပူပြင်းသည့်နွေကာလတွင် ပို၍အခက်အခဲကြုံရကာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ စိုးရိမ်စရာဖြစ်နေသည်။ 

“အပူပြင်းတော့ စခန်းမှာကလေးတွေလည်း နေမကောင်းဖြစ်ကြတယ်။ မူးလဲသွားတဲ့ အခြေအနေလည်းရှိတယ်။ အဓိကတော့ သွေးတိုးရှိတဲ့ သက်ကြီးပိုင်းတွေကို ပိုပြီးစိုးရိမ်ရတယ်” ဟု ကျောက်တော်မြို့မှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်တွင် ပြီးခဲ့သည့်နှစ်နွေရာသီ ပျှမ်းမျှအပူချိန်မှာ ၃၄ ဒီဂရီစတင်တီဂရိတ် ရှိခဲ့ပြီး ယခုနှစ်တွင် ဧပြီလ အပူချိန်မှာ ၃၈ ဒီဂရီစတီဂရိတ်သို့ ရောက်ရှိနေပြီး ဆက်လက်၍ အပူချိန်မြင့်တက်လာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။ 

အပူချိန်မြင့်တက်မှုနှင့်အတူ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာပြဿနာများ ရှိလာနိုင်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မိုးဇလက တိုက်တွန်းထားသည်။ 

အယ်နီညိုဖြစ်စဉ်ကြောင့် ယခုနွေရာသီကာလရှည်ကြာပြီး အပူချိန်မြင့်မားခြင်းကြောင့် ခေါင်းကိုက်၊ ဝမ်းပျက်ဝမ်းလျှော၊ ခေါင်းမူး၊ အပူရှပ်ကာ သွေးကြောပြတ် အသက်ဆုံးရှုံးမှုများ ဖြစ်နိုင်သဖြင့် အလွန်ပူပြင်းသည့် နေ့အချိန်များတွင် အပြင်ထွက်သွားလာခြင်းကို ရှောင်းရှားကြရန် ကျန်းမာရေးအသိုင်းအဝိုင်းက တိုက်တွန်းထားကြသည်။

ရခိုင်က ကျန်းမာရေးဝန်ထမ်းတစ်ဦးက “အခုက အရမ်းပူပြင်းတော့ အပူရှပ်ပြီး အသက်သေဆုံးတာလည်း ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် ရေဓာတ်၊ ဆားဓာတ်တွေ မဆုံးရှုံးရအောင် ဓာတ်ဆားထုပ်သောက်ဖို့ တိုက်တွန်းချင်ပါတယ်။ ပြီးတော့ မလိုအပ်ဘဲ အပြင်ထွက်တာကို ရှောင်ရှားပြီး နေအိမ်အတွင်းနေတာက အကောင်းဆုံးပါပဲ” ဟု ပြောသည်။ 

ရခိုင်တွင် နွေရာသီရောက်တိုင်း ရေရှားပါးမှုပြဿနာနှင့်ကြုံတွေ့ရပြီး လက်ရှိတွင်လည်း ရေရှားပါးမှုဒဏ်ကို ဒေသခံများ စတင်ကြုံနေကြရပြီး အထူးသဖြင့် စစ်ဘေးရှောင်များမှာ ပိုမိုအခက်အခဲဖြစ်နေကြသည်။ 

အပူပြင်းဆုံးရာသီဝင်လာပြီဖြစ်၍ ရခိုင်က အိုးအိမ်စွန့်ခွာနေကြသူများမှာ သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေကြရပြီး လေပြင်းမုန်တိုင်းရာသီအမီ အမိုးအကာထောက်ပံ့ပေးရန် အရေးတကြီးလိုအပ်နေကြောင်း ကုလသမ္ဂက ထုတ်ပြန်ထားသည်။ 

ဗီဒီယိုများ