ဗမာပြည်သူများမဝယ်ကြရန် ULA/AA မှ အရာရှိတစ်ဦး သတိပေးထားသည့် ရွှေရတီကမ်းခြေမြို့သစ်စီမံကိန်း ၄၀ ရာခိုင်နှုန်းခန့် ရောင်းချပြီးစီးပြီဟုဆို

ရခိုင်ပြည် ဂွမြို့နယ်အနီးရှိ ရွှေယကြိုင်ရွာ၊ မကျေးငူရွာနှင့် ချမ်းသာရွာအကြားတွင်ရှိနေသည့် ရွှေရတီကမ်းခြေမြို့သစ်စီမံကိန်းသည် လက်ရှိတွင် ၄၀ ရာခိုင်နှုန်းခန့် ရောင်းချပြီးစီးနေပြီဖြစ်ကြောင်း အရောင်းပွဲကို တာဝန်ယူထားသည့် Property Link ကုမ္ပဏီထံမှ သိရသည်။

08 Jun 2022

DMG ၊ ဇွန် ၈

ရခိုင်ပြည် ဂွမြို့နယ်အနီးရှိ ရွှေယကြိုင်ရွာ၊ မကျေးငူရွာနှင့် ချမ်းသာရွာအကြားတွင်ရှိနေသည့် ရွှေရတီကမ်းခြေမြို့သစ်စီမံကိန်းသည် လက်ရှိတွင် ၄၀ ရာခိုင်နှုန်းခန့် ရောင်းချပြီးစီးနေပြီဖြစ်ကြောင်း အရောင်းပွဲကို တာဝန်ယူထားသည့် Property Link ကုမ္ပဏီထံမှ သိရသည်။

ထိုမြေနေရာများကို ULA/AA မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးအေးထွန်း (ခ) ထွန်းမင်းနိုင်က ပြည်သူများမဝယ်ယူကြရန် သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် သတိပေးထားသည်။

အဆိုပါစီမံကိန်းတွင် တောင်ပေါ်ဂေါက်ရိုက်လေ့ကျင့်ကွင်း၊ ဟိုတယ်အပန်းဖြေဧရိယာ၊ Clubhouse နှင့် Swimming Pool များလည်း ပါဝင်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံးကမ်းခြေ မြို့သစ်စီမံကိန်းတစ်ခုဖြစ်ကြောင်း စီမံကိန်းအကောင်အထည်ဖော်မည့် Steel Stone group မှ ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်းကို Steel Stone group ပိုင်မြေပေါ်တွင် Steel Stone group အနေဖြင့် အကောင်ထည်ဖော်‌ ဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံကိန်းဧရိယာအထဲတွင် နိုင်ငံတကာအဆင့်မီ ဟိုတယ်တစ်ခုနှင့်အတူ ဇုန်အလိုက်ခွဲထားသော လူနေထိုင်ရာ နေရာများလည်း ပါဝင်မည်ဟု သိရသည်။

ထို့အပြင် စီမံကိန်းဧရိယာ မြေဧက ၁၄၀ အတွင်း၌ ဇုန် ၁၀ ခုသတ်မှတ်ထားပြီး အကျယ် ဧက (၃၀) ကျော်ရှိသည့် ဇုန် (C) ကို ဧရိယာအကျယ်ဆုံး လူနေဇုန်တစ်ခုအဖြစ် အကောင်အထည်ဖော်မည်ဖြစ်ကာ ထိုအထဲတွင် Sea View မြေအမျိုးအစား (၃)မျိုး၊  Hill View (တောင်ကုန်းပေါ်မှ ပင်လယ်ကိုမြင်ရသည့် မြင်ကွင်း) မြေအမျိုးအစား (၁) မျိုး ပါဝင်မည်ဖြစ်သည်။

ထို့အပြင် (Long Term CSR Plan) သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းမည့်အစီအစဉ်များကို အကောင်အထည်ဖော်ထားကြောင်းနှင့် လေထု၊ ရေထုနှင့် အမှိုက်ထိန်းသိမ်းမှု စနစ်များကိုပါ ထည့်သွင်းပုံဖော်ထားကြောင်း ကုမ္ပဏီဘက်မှ ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်းတွင်ပါရှိသည့် မြေကွက်များကို ပြီးခဲ့သည့် မေလအတွင်းက ရန်ကုန်မြို့တွင် အရောင်းပွဲပြုလုပ်ခဲ့ပြီး မြေကွက်ပေါင်း ၄၀၀ ကျော်ရှိသည့်အနက် မြေကွက် ၁၆၀ ခန့်ကို ရောင်းချပြီးဖြစ်ကြောင်း အရောင်းပွဲကို တာဝန်ယူထားသည့် Property Link ကုမ္ပဏီ တာဝန်ရှိသူက ပြောသည်။

ထိုစီမံကိန်းနှင့် ပတ်သက်၍ ULA/AA မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးအေးထွန်း (ခ) ထွန်းမင်းနိုင်က “ ဗမာပြည်သူတွေ နိုင်ငံရေး သတိရှိကြပါ။ အခု ULA/AA အစိုးရ အင်အားကြီးလာချိန်မှာ လက်ဝါးကြီးအုပ်ထားသည့် မြေတွေရှုံးမှာ ကြောက်တဲ့အတွက် အကွက်ရိုက်ပြီး ရောင်းချနေကာ သာမန် ဗမာပြည်သူတွေ အလုပ်ကြိုးစားရင်း စုဆောင်းမိတဲ့ ငွေတွေကို ခရိုနီကြီးတွေ မျက်စိကျနေပြီး ရရင်ရသလို လိမ်ညာ၊ ခြိမ်းခြောက်၊ ဂုတ်သွေးစုတ်မှာ စစ်တပ်လက်ထက် ဦးပိုင်သိမ်းထားတဲ့ မြေတွေကို ထုတ်ရောင်းနေကြတယ်။ ဗမာပြည်သူတွေ မဝယ်ကြပါနဲ့ နိုင်ငံရေး အပြောင်းအလဲဖြစ်ရင် ခင်များတို့ စုမိဆောင်းမိငွေတွေ ဆုံးရှုံးသွားမှာ ကျွန်တော်တို့ မလိုလားလို့ပါ” ဟု ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က ရေးသားထားခဲ့သည်။

သို့သော် ရွှေရတီကမ်းခြေမြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေသောကြောင့် ယင်းနှင့် ပတ်သက်၍ ၎င်းတို့ ကုမ္ပဏီအနေဖြင့် စီမံကိန်းသာ ပျက်သွားခဲ့လျှင် သို့မဟုတ် အချိန်မီမပြီးစီးလျှင် ငွေပြန်အမ်း၍ နစ်နာကြေး တစ်နှစ်စာ အတိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းမြေနေရာများမှာ မိမိဖခင်က ဝယ်ယူထားသည့် မြေနေရာများသာဖြစ်ကြောင်း Steel Stone Group of Companies ၏ မန်နေးဂျင်းဒါရိုက်တာ ကိုထက်အောင်လင်းက မေလ ၂၂ ရက်နေ့တွင် Steel Stone Group of Companies ၏ လူမှုကွန်ယက်စာမျက်နှာတွင် ပြန်လည်ပြောဆိုခဲ့သည်။

"ဒီမြေတွေကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက စာချုပ်စာတမ်းနဲ့ ဝယ်ထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီမှာ အချိန်မရွေးလာရောက်စစ်ဆေးနိုင်ပါတယ်။ ဂွမြို့ဒေသခံတွေကိုလည်း မေးမြန်းနိုင်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီဟာ ၁၉၉၅ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ လုပ်ခဲ့တဲ့ စီမံကိန်းတွေလည်း အောင်မြင်ခဲ့တဲ့ စီမံကိန်းတွေချည်းပဲ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ကျွန်တော်တို့ ကိုယ်ပိုင်မြေ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေကို လုပ်တဲ့အခါမှာလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုသွားပြီးတော့ လုပ်ငန်းအားလုံးကို ခွင့်ပြုချက် တောင်းခံခဲ့တယ်။ ဒါ့အပြင် ဟိုတယ်ခရီးကချမှတ်တဲ့ အတိုင်းဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ဒီစီမံကိန်း အချိန်မီ မပြီးတာဘဲဖြစ်ဖြစ် စီမံကိန်း ပျက်သွားခဲ့ရင်ဘဲ ဖြစ်ဖြစ် ကျွန်တော်တို့ဆီမှာ ဝယ်ထားသူတွေကို ငွေပြန်အမ်းသွားမယ့်အပြင် နစ်နာသွားတဲ့ တစ်နှစ်စာ အတိုးနှုန်း ၁၅ ရာခိုင်နှုန်းကို ပြန်ပေးသွားမှာ ဖြစ်တယ်လို့ အာမခံပါတယ်" ဟု ၎င်းကပြောဆိုထားသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ဦးသန်းလွင် (Steel Stone ကုမ္ပဏီလီမိတက်) အမည်ဖြင့် လျှောက်ထားခဲ့ပြီး ဂွမြို့နယ်၊ မကျေးငူကျေးရွာအုပ်စု ကွင်းအမှတ် ၃၀၄၊ မကျေးငူကွင်း၊ ဦးပိုင်အမှတ် ၃/၃/၅ တွင် အခန်း ၅၈ခန်း၊ RC (၃ထပ်) ကို မြေဧက ၁၈ ဒဿမ ၁၀ ဧကတွင် ဆောက်လုပ်ခွင့်အား ၂၀၂၂ ခုနှစ် မေလ ၂၂ရက်၌ ဆောက်လုပ်ခွင့်ပေးခဲ့ကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

“သူတို့က ဟိုတယ်ဆောက်ဖို့အတွက် တင်ပြလာလို့ ကျွန်တော်တို့ဘက်က စစ်ဆေးပြီးခွင့်ပြုပေးခဲ့တယ်။ ဒါပေမယ့် အိမ်ယာစီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့တော့ မသိပါဘူး” ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ မိမိအနေဖြင့် မသိရှိသေးကြောင်းနှင့် အခြားသူများအနေဖြင့်မည်သို့မည်ပုံ လုပ်ဆောင်ထားသည်ကို မသိရှိသေးကြောင်း ပြည်နယ်စစ်ကောင်စီမှ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်က ဆိုသည်။

“ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ ငါတို့မသိဘူး။ သူတို့ကုမ္ပဏီကိုပဲ မေးလိုက်ပါတော့။ သူတို့မှာ ကြော်ငြာထားတာတွေ ဘာတွေတော့ရှိမှာပေါ့။ ပြည်နယ်အစိုးရဘက်ကို သူတို့တင်ပြထားတယ် မတင်ပြထားဘူးဆိုတာကို သူတို့ကို မေးလိုက်ပါ။ ဒီကိစ္စတော့ ငါမသိသေးဘူး။ သူတို့မှာ ဘယ်သူနဲ့ချိတ်ဆက်ပြီးတော့ ဘယ်လိုတင်ပြထားတယ်ဆိုတာကို ငါတော့ အသေးစိတ်မသိသေးဘူး”ဟု ၎င်းက ပြောဆိုခဲ့သည်။

Steel Stone Group ကို လွန်ခဲ့သည့် ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဆိုပါ Group အောက်တွင်  Steel Stone Co; Ltd ၊Steel Stone Construction Co; Ltd. ၊ Steel Stone Trading Co; Ltd. ၊ Steel Stone Jewelry Co; Ltd. ၊ Su Akari Production Co; Ltd. ၊ Su Akari Construction Co; Ltd. ၊ Lin Ngwe Yaung Production Co.; Ltd. ၊ Lin Ngwe Yaung Construction Co; Ltd. ၊ Vital Trading Co; Ltd. နှင့် Vital Service Co; Ltd ဟူ ၍ လုပ်ငန်းခွဲပေါင်း ၁၀ ခုရှိရှိကြောင်း သိရသည်။

ဗီဒီယိုများ