ရခိုင်တွင် လေးလအတွင်း ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၄၀ ကျော် ပျက်စီးခဲ့

ရခိုင်ပြည်အတွင်းက ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ စသည့်မြို့နယ်တို့တွင် ယခုနှစ် မိုးရာသီအတွင်း ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၄၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 13 Oct 2023

တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာတွင် ကမ်းပါးပြိုမှုကြောင့် ပျက်စီးသွားသည့်နေအိမ်များကို ဩဂုတ်လက တွေ့ရစဉ်။ ဓာတ်ပုံ - CJ
တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာတွင် ကမ်းပါးပြိုမှုကြောင့် ပျက်စီးသွားသည့်နေအိမ်များကို ဩဂုတ်လက တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ အောက်တိုဘာ ၁၃
ရခိုင်ပြည်အတွင်းက ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ စသည့်မြို့နယ်တို့တွင် ယခုနှစ် မိုးရာသီအတွင်း ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၄၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
DMG က လက်လှမ်းမီသလောက် ကောက်ယူထားသည့် စာရင်းများအရ သံတွဲမြို့ နယ်၊ ဆင်ခေါင်းကျေးရွာတွင် နေအိမ် ၈၀ ကျော်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာတွင် နေအိမ် ၅၀ ခန့်၊ မင်းပြားမြို့၊ မင်းဗာကြီးရပ်ကွက်တွင် နေအိမ် ၁၀ ခန့်နှင့် ရမ်းဗြဲမြို့နယ်၊ သင်းပန်းချိန်ကျေးရွာက နေအိမ် ၆ အိမ်တို့မှာ ကမ်းပါးပြိုကျမှုကြောင့် ရေနှင့်အတူ မျောပါပျက်စီးသွားခဲ့ကြောင်း သိရသည်။
သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာက ဦးတင်ဌေးက “ကျနော်တို့ဆီမှာတော့ အဓိက မြစ်ရေတိုက်စား ခံရတာပေါ့လေ။ ကမ်းစပ်နားက သဲပြင်နဲ့နီးတဲ့ နေအိမ်တွေဆိုရင် ဘယ်လိုမှ ရစရာမရှိလိုက်ဘူး။ နောက်ထပ်လည်း ထပ်ပြီးရေတိုက်စားခံရနိုင်တဲ့ နေအိမ်အရေအတွက်က ၄၀ လောက်ရှိပြီး ဘယ်နေ့တော့ ရေနဲ့ပါသွားမလဲဆိုတာ စိုးရိမ်နေရတယ်” ဟု ပြောသည်။

ဆင်ခေါင်းကျေးရွာသည် ပင်လယ်ကမ်းခြေတွင် တည်ရှိပြီး မိုးသက်လေပြင်း ကျရောက်ခြင်း၊ လှိုင်းရိုက်ခြင်း၊ မိုးများ၍ ဒီရေတိုက်စားမှုတို့ကြောင့် မိုးဦးကျရာသီနှင့် မိုးနှောင်းကာလတို့တွင် ကမ်းပါးပြိုကျမှု အဖြစ်များကြောင်း သိရသည်။


ပျက်စီးသွားသည့် နေအိမ်များမှာ ဝါးထရံကာ၊ သွပ်မိုး၊ ပျဉ်ခင်းများပါဝင်ပြီး တချို့နေအိမ်များမှ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသောကြောင့် နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ကပ်ခိုနေကြရကြောင်း သိရသည်။
“တစ်ချို့က မြေနေရာအခက်အခဲကြောင့် တစ်ချို့ကလည်း ငွေကြေးအခက်အခဲကြောင့် အခုထိ အိမ်တွေ ပြန်မဆောက်နိုင်ဘဲ အခြားအိမ်တွေမှာ ကပ်ခိုနေရတာတွေ အများကြီးရှိပါတယ်။ ဒီအပေါ်မှာ နိုင်ငံတော်ကဖြစ်စေ၊ အခြားအဖွဲ့အစည်းတွေကဖြစ်စေ ကူညီထောက်ပံ့မှုတွေ လုပ်ပေးစေချင်ပါတယ်” ဟု တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာမှ ဦးညီညီအောင်က ပြောသည်။
လက်ရှိတွင် တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာတွင် နေအိမ် ၁၀ ကျော်၊ ရမ်းဗြဲမြို့နယ်၊ သင်းပန်းချိန်ကျေးရွာတွင် နေအိမ် ၆ ဆောင်၊ မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်တွင် နေအိမ် ၃ ဆောင် စုစုပေါင်း နေအိမ် ၂၀ ခန့်မှာ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထိုသို့ အခက်ကြုံတွေ့နေကြရသော်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ ကူညီဖြေရှင်းပေးမှု အားနည်းနေဆဲဖြစ်ပြီး ကမ်းပါးထိန်းသိမ်း ပြုပြင်ခြင်းများကိုလည်း ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေရကြောင်း ရမ်းဗြဲဒေသခံများက ပြောသည်။
“ရွာကလူတွေက ကိုယ့်နည်းကိုယ်ဟန်နဲ့ပေါ့လေ ချောင်းကမ်းပါးကို ဝါးတွေကာပြီးလုပ်ဖို့ ပြင်ဆင်နေတာရှိတယ်။ တကယ့်ခိုင်မာတဲ့ ကမ်းထိန်းနံရံတွေ လုပ်ဖို့အတွက်ကျတော့ ရွာကလူတွေအနေနဲ့ ငွေကုန်ကြးကျ မတတ်နိုင်တဲ့အခါကျတော့ အစိုးရက လုပ်ပေးရင်တော့ ပိုကောင်းတာပေါ့ဗျာ။” ဟု ရမ်းဗြဲမြို့နယ် သင်းပန်းချိန်ကျေးရွာမှ ဦးမောင်ကျန်အေးက ပြောသည်။
ထိုသို့ ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပျက်စီးမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူက သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသူများကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသော်လည်း ယခုနှစ်တွင် ထောက်ပံ့ရေးအစီအစဉ်များမရှိသေးကြောင်း DMG ကို ပြောသည်။

“အဓိကတော့ ကမ်းပါးပြိုသွားတယ်၊ အိမ်တွေပါသွားတယ်ဆိုရင်တော့ ထောက်ပံ့ကြေးတွေတော့ ပေးတယ်ပေါ့နော်။ ဒါဟာ သဘာဝဘေးကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်လိုမျိုးကြောင့်ပဲဖြစ်ဖြစ်ပေါ့ အဲလိုမျိုး ထောက်ပံ့တာတော့ ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကမ်းပါးပြိုတာနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်နေတဲ့ အစီအစဉ်တော့ မရှိသေးပါဘူး” ဟု ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းစိုးက ပြောသည်။
ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်သည်နှင့်အညီ ဒီရေရောက် ချောင်းလက်တက်များပေါများပြီး ပင်လယ်ရေတိုက်စားမှုနှင့် တောင်ကျချောင်း ရေစီးသန်မှုတို့ကြောင့် မြိုနယ်အများစုတွင် နှစ်စဉ် ကမ်းပါးပြိုကျမှုဒဏ်ကို ရင်ဆိုင်နေကြရသည်။

ဗီဒီယိုများ