ရခိုင်က စီးပွားရေးသမားများ အိမ်ခြံမြေလုပ်ငန်းတွင် ပိုမိုရင်းနှီးမြှုပ်နှံလာကြ

ကျပ်ငွေတန်ဖိုး ကျဆင်းလာမှုနှင့်အတူ စီးပွားရေးလုပ်ကိုင်ရာတွင် အကျပ်ရိုက်စေသည့်အတွက် အိမ်ခြံမြေကိုသာ ရင်းနှီးမြုပ်နှံသူများ အာရုံစိုက်လာကြသည်ဟု ရခိုင်ပြည်နယ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

By Admin 28 Aug 2023

၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့က ရိုက်ကူးထားသည့် စစ်တွေမြို့တွင်း မြင်ကွင်း။
၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့က ရိုက်ကူးထားသည့် စစ်တွေမြို့တွင်း မြင်ကွင်း။

DMG ၊ ဩဂုတ် ၂၈

ဒေါ်လာဈေး၊ ရွှေဈေး မတည်ငြိမ်မှုနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်း ဂယက်ကြောင့် ရခိုင်ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်း၊ ပြည်ပရောက် ဒေသခံများမှာ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းတွင် ပိုမိုရင်းနှီးမြှုပ်နှံ လာနေကြသည်။

ကျပ်ငွေတန်ဖိုး ကျဆင်းလာမှုနှင့်အတူ စီးပွားရေးလုပ်ကိုင်ရာတွင် အကျပ်ရိုက်စေသည့်အတွက် အိမ်ခြံမြေကိုသာ ရင်းနှီးမြုပ်နှံသူများ အာရုံစိုက်လာကြသည်ဟု ရခိုင်ပြည်နယ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ရခိုင်ပြည်နယ်၊ အိမ်ခြံမြေ အထွေထွေဝန်ဆောင်မှုလုပ်ငန်းမှ အတွင်းရေးမှူး ဦးဆန်ကျားမောင်က “အဓိကတော့ ပိုက်ဆံရှိတဲ့သူတွေမှာ မြေကိုဝယ်ထားလိုက်တယ်။ ပြည်ပကိုရောက်နေသူတွေ ဆိုရင်လည်း ပိုက်ဆံကို ကိုင်မထားတော့ဘဲ မြေဝယ်ပြီး အရင်းအနှီးလုပ်ထားတာ။ သူတို့ လိုချင်တဲ့ဈေးရတဲ့အခါ ပြန်ရောင်းကြတယ်။ ပြန်ရောင်းပြီးရင် ထပ်ဝယ်၊ ထပ်ရောင်း လုပ်ကြတာ။ ပိုက်ဆံရှိတဲ့သူတွေဆိုတော့ ပိုက်ဆံကို ရင်းနှီးထားလိုက်တဲ့ သဘောပါ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်က စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် အလျား ၃၀၊ အနံ ၄၀ မြေတစ်ကွက်ကို ကျပ်သိန်း ၃၅၀ ခန့် ရှိသော်လည်း လက်ရှိတွင် ကျပ်သိန်း ၇၀၀ အထိ ပေါက်ဈေးရှိနေသည်။ မြို့ပြနှင့်အလှမ်းဝေးသည့် ရပ်ကွက်များတွင်လည်း အလျား ၂၀၊ အနံ ၄၀ မြေတစ်ကွက်ကို ကျပ်သိန်း ၂၀၀ ခန့်မှ လက်ရှိ ကျပ်သိန်း ၄၀၀ ခန့်အထိ ပေါက်ဈေးရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

စစ်တွေမြို့တွင်း ရပ်ကွက်များတွင် ယခင်က သိန်းထောင်ဂဏန်းတန်ဖိုးရှိ မြေကွက်များမှာ လက်ရှိ သိန်းသောင်းဂဏန်းထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

စစ်တွေမြို့ရှိ ‘မကြီး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း’မှ ဒေါ်မကြီးက “ဝယ်လူလည်း ပုံမှန်ရှိတယ်။ ရောင်းတဲ့လူလည်း ပုံမှန်ရှိတယ်။ ရွှေကို မထားချင်တဲ့သူဆိုရင် ရွှေရောင်းပြီး ခြံဝယ်ထားလိုက်ကြတယ်။ အခုအချိန်မှာ အဝယ်လိုက်နေတယ်လို့ ပြောလို့ရပါတယ်။ ထိုင်း၊ မလေးမှာရှိသူတွေလည်း အများကြီး ဝယ်ယူကြတယ်။ နေဖို့အတွက် ဝယ်ကြသလို ပြန်ရောင်းဖို့အတွက် ဝယ်သူလည်း ရှိပါတယ်” ဟု ပြောသည်။

စစ်တွေမြို့တွင်း အိမ်ခြံမြေ ရောင်းချသူများမှာ နေထိုင်ဆဲအိမ်ခြံ‌မြေကို ခွဲခြမ်းရောင်းကြခြင်း၊ လယ်ယာမြေများကို အကွက်ရိုက်ရောင်းချခြင်းနှင့် အိမ်ခြံမြေ ရင်းနှီးမြုပ်နှံသူမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

ထိုသို့ အိမ်ခြံမြေဈေးကွက်များ မြင့်တက်နေသည့်အတွက် ဌာနဆိုင်ရာဝန်ထမ်းများအပြင် ဆင်ရဲနွမ်းပါးသည့် မိသားစုများအနေဖြင့် စစ်တွေမြို့တွင် ကိုယ်ပိုင်အိမ်ခြံဖြင့်နေထိုင်ရန် ခက်ခဲလာကြောင်း ပြောဆိုကြသည်။

စစ်တွေဒေသခံ ဒေါ်ဆောင်းဦးနွေက “ကိုယ်ပိုင်ခြံလေးနဲ့ နေနိုင်ဖို့ဆိုတာ ကျမတို့လိုဝန်ထမ်းတွေမှာ အရမ်းခက်ခဲပါတယ်။ တခြားမြို့တွေမှာ သိန်းတစ်ထောင်ဆိုရင် အိမ်နဲ့ကားနဲ့ နေလို့ရတယ်။ စစ်တွေမှာ အိမ်ခြံတောင် မရဘူး။ ခြံတွေက သူ့ထက် ငါအပြိုင် ဈေးတက်နေတာ။ ဈေးကြိုက်သလောက်တက် ဝယ်သူတွေရှိနေတော့ ကျမတို့လို မရှိဆင်းရဲသားတွေက မလိုက်နိုင်တော့ဘူးလေ” ဟု ပြောသည်။

တစ်ဖက်မှာလည်း အိမ်ခြံမြေဈေးနှုန်း မြင့်တက်နေခြင်းမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူ များလာခြင်းကြောင့် စစ်တွေမြို့တွင်း မြေပိုင်ရှင်များမှာ ဈေးကစားကြခြင်းဖြစ်သည်ဟု ဒေါ်ဆောင်းဦးနွေက ဆက်ပြောသည်။

အိမ်ခြံမြေဈေးကွက်အား ထိန်းညှိနိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရမှ ပူးပေါင်းပါဝင်ရန်နှင့် အိမ်ခြံမြေနှင့်ပတ်သက်သော စီမံကိန်းများ ဆောင်ရွက်ရန် လိုအပ်လာနေကြောင်း ရခိုင်ပြည်၊ အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။

“အစိုးရက တန်ဖိုးနည်းအိမ်ရာတွေ၊ အထပ်မြင့်တိုက်ခန်းတွေ အများကြီးဆောက်လိုက်ရင်တော့ သင့်တင့်လျှောက်ပတ်စွာ နေထိုင်နိုင်ကြမယ်။ ဝယ်မယ့်သူတွေလည်း ဝယ်နိုင်မယ်။ နေမယ့်သူတွေလည်း နေနိုင်မယ်။ အခုက တန်ဖိုးနည်းအိမ်ရာတွေလည်း ဘာမှမရှိ၊ အိမ်ခြံမြေတစ်ကွက် ကြည့်ရင်လည်း ထောင်ချီတယ်။ ဆိုတော့ အစိုးရက လုပ်ဆောင်မယ်ဆိုရင်တော့ ဒီဈေးကွက်ဟာ အကျဘက်ကိုရောက်သွားမှာပါ” ဟု ဦးဆန်ကျားမောင်က ထောက်ပြသည်။

ရခိုင်ပြည်တွင်းရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင် စသည့်မြို့နယ်အသီးသီးရှိ အိမ်ခြံမြေဈေးကွက်မှာ ဈေးကွက်အပြောင်းလဲ မရှိဘဲ ပုံမှန်အတိုင်းရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းပြီးနောက်ပိုင်း ဒေါ်လာဈေး၊ ရွှေဈေး မြင့်တက်လာသည့်နှင့်အတူ အိမ်ခြံမြေဈေးကွက်လည်း ဆက်တိုက်မြင့်တက်လာနေကြောင်း စီးပွားရေးသမားများက သုံးသပ်သည်။

ဩဂုတ်လ ၂၆ ရက်နေ့ စာရင်းများအရ အမေရိကန် တစ်ဒေါ်လာကို ပြင်ပပေါက်ဈေး ၃, ၇၃၀ ကျပ်နှင့် အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၃၈ သိန်းကျော်အထိ ပေါက်ဈေးရှိနေကာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနေသည်။

#R010

ဗီဒီယိုများ